အမေရိကန်နိုင်ငံ နယူးယော့ခ်ပြည်နယ်မှာ မင်္ဂလာပွဲ သို့မဟုတ် မွေးနေ့ပွဲတစ်ခုကို သွားရောက်ကြမယ့် ဧည်သည့်တွေ လိုက်ပါလာတဲ့ ဇိမ်ခံမှန်လုံကားတစ်စီး မတော်တဆမှုအတွင်း လူ ၂၀ သေဆုံးခဲ့ကြောင်း သိရပါတယ်။
Photo: Daily Mail
တနင်္ဂနွေနေ့ (အောက်တိုဘာ ၇ ရက်) က မွန်းလွဲပိုင်းက နယူးယော့ခ်ပြည်နယ်အတွင်းရှိ စကိုဟာရီမြို့ငယ်လေးမှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုဖြစ်ပွားခဲ့ပြီး ဇိမ်ခံမှန်လုံကားပေါ်မှာ လိုက်ပါလာသူ ၁၈ ဦးနဲ့ လမ်းလျှောက်သွားနေသူနှစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။
Photo: WTEN
ရဲတပ်ဖွဲ့ရဲ့ အဆိုအရ 2001 Ford Excursion မှန်လုံဇိမ်ခံကားဟာ လမ်းဆုံတစ်ခုမှာ အရှိန်မထိန်းနိုင်ဖြစ်ပြီး မရပ်တန့်နိုင်တော့ဘဲ အနီးအနားရှိ ရပ်ထားတဲ့ ကားတစ်စီးနဲ့ လမ်းလျှောက်သွားနေသူတွေကို ဝင်တိုက်ခဲ့မိပြီးနောက် လမ်းဘေးထိုးကျခဲ့တယ်လို့ သိရပါတယ်။
ယခုဖြစ်ရပ်ဟာ အမေရိကန်မှာ ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း လူသေဆုံးမှုအများဆုံး သယ်ယူပို့ဆောင်ရေး မတော်တဆမှုတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။
Photo: AP
ကားတိုက်မှုဖြစ်ရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး သေဆုံးခဲ့သူတွေဟာ ထိုင်ခုံခါးပတ် တပ်ဆင်ထားခဲ့ခြင်းရှိ မရှိ မသိရသေးဘူးလို့ ဆိုပါတယ်။ ပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားရာမှာတော့ 2001 Ford Excursion ကားနောက်ခန်းမှာ လိုက်ပါသူတွေဟာ ထိုင်ခုံခါးပတ် တပ်ဆင်စရာမလိုအပ်ဘူးလို့လည်း ပြောပါတယ်။
Map: Daily Mail
ကားမတော်တဆမှုအတွင်း သေဆုံးခဲ့သူတွေကို အာဏာပိုင်တွေက တရားဝင် ထုတ်ဖော်ပြောခြင်း မရှိသေပေးမဲ့ New York Times သတင်းကတော့ ညီအစ်မလေးဦးနဲ့ လက်ထပ်ပြီးစ စုံတွဲနှစ်တွဲထက်မနည်း ပါဝင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ သေဆုံးခဲ့သူတွေအားလုံးဟာ အရွယ်ရောက်ပြီးသူတွေဖြစ်ပြီး ကလေးငယ်မျး မပါဝင်ကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။
Photo: WNYT
ကနဦး သတင်းတွေက မတော်တဆမှုဖြစ်ခဲ့တဲ့ ဇိမ်ခံမှန်လုံးကားပေါ်မှာ မင်္ဂလာပွဲသွားမယ့်သူတွေ လိုက်ပါသွားကြောင်း ဖော်ပြခဲ့ပေမဲ့ နောက်ပိုင်းသတင်းတွေကတော့ မွေးနေ့ပွဲတစ်ခုကို သွားရောက်နေခဲ့ကြတာလို့ ပြောပါတယ်။ ကားတိုက်မှုဖြစ်စဉ်အတွင်း ကားမောင်းနှင်သူလည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။