မန္တလေးမြို့မှာ စည်ပင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အိမ်တိုင်းစေ့ ကောက်ခံသွားမယ်လို့ မန္တလေးမြို့တော်ဝန် ဦးရဲလွင်က သူရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အောက်တိုဘာ ၈ ရက်နေ့က ရေးသားထားပါတယ်။
ကောက်ခံတဲ့အချက်အလက်တွေက အိမ်ထောင်ဦးစီးအမည်၊ ဦးပိုင်၊ မြေအမျိုးအစား၊ အဆောက်အဦးအမျိုးအစား၊ အိမ်ထောင်စုဦးရေ၊ အိမ်ပိုင်/အငှါး၊ လုပ်ငန်းလိုင်စင်၊ နံရံကပ်ကြော်ငြာ၊ ရေမီတာနံပါတ်၊ရေသုံးစွဲစနစ်၊ မိလ္လာစနစ်၊ ကား၊ ဆိုင်ကယ်စီးရေ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်တွေကို ကောက်ခံနေတာပါ။
အဆောက်အဦ နဲ့ ရေမီတာတွေကို မိုဘိုင်းဖုန်းနဲ့ဓါတ်ပုံရိုက်ပြီး mobile app နဲ့ cloud ပေါ်တိုက်ရိုက်တင်နေကြောင်း မြို့တော်ဝန်က ဆိုပါတယ်။
ဇူလိုင်လ ၆ ရက်က စတင်ပြီး တစ်မြို့နယ်ကို အဖွဲ့ (၄) ဖွဲ့ စီနဲ့ အပတ်စဉ် ဗုဒ္ဓဟူး၊ သောကြာနဲ့ စနေနေ့တွေမှာ တပြိုင်နက် ကောက်ခံခဲ့ရာ ဒီနေ့အထိ မြိ့နယ် (၆)မြို့နယ်က ရပ်ကွက် (၄၀)၊ အိမ်ထောင်စု ၁၂၇၄၇၆လုံးကို စာရင်းကောက်ယူခဲ့တယ်လို့ မြို့တော်ဝန်က ဆိုပါတယ်။
အဲဒီလို ကောက်ခံရရှိလာတဲ့ အချက်အလက်တွေကို Geographic Information System ( GIS)မှာ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့ပြ ဖွံဖြိုးရေးစီမံကိန်း ရေးဆွဲရာမှာ ထည့်သွင်းဆောင်ရွက်မှာလည်း ဖြစ်ပါတယယ်။
ဒါ့အပြင် မန္တလေးမြို့တော်စည်ပင်သာယာရေးလုပ်ငန်းတွေရဲ့ လစ်ဟာချက်တွေကိုလည်း ဖြည့်ဆည်းနိုင်မှာ ဖြစ်တယ်လို့ မန္တလေးမြို့တော်ဝန်က ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် ရေးသားထားပါတယ်။