မြန်မာနိုင်ငံမှာ အသက် ၁၅ နှစ်အထက်အရွယ်ရောက်ပြီးသူ ၇ သန်းကျော်ဟာ ဆေးရွက်ကြီးနေ့စဉ်သုံးစွဲနေတယ်လို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းက အောက်တိုဘာ ၈ ရက်နေ့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲကနေသိရပါတယ်။
photo - PHA
မြန်မာနိုင်ငံမှာ ကလေးသူငယ် ၁ သိန်းခွဲကျော်နဲ့ အရွယ်ရောက်ပြီးသူ (အသက် ၁၅ နှစ်အထက်) ၇သန်းကျော်တို့က နေ့စဉ်နေ့တိုင်းဆေးရွက်ကြီး သုံးစွဲနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ လူဦးရေပေါင်း(၅၆၄၀၀) တို့က ဆေးရွက်ကြီးနဲ့ ဆက်နွယ်တဲ့ရောဂါကြောင့် နှစ်စဉ်သေဆုံးနေတယ်လို့လည်း သိရပါတယ်။ သေဆုံးသူတွေထဲမှာတော့ ၁၃.၂ ရာခိုင်နှုန်းကအမျိုးသားဦးရေဖြစ်ပြီးတော့ အမျိုးသမီးဦးရေ ၁၂ ရာခိုင်နှုန်းပါဝင်နေတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ ၁၀ ရက်နေ့ကစပြီးကွမ်းယာစားသုံးမှုလျော့နည်းကျဆင်းရေးအတွက် ရည်ရွယ်ပြီးကမ်ပိန်းလုပ်ဆောင်မယ်။ ဆေးရွက်ကြီးထွက်ပစ္စည်းတွေပါဝင်နေလို့ ဒီနှစ်ခုက ဆက်စပ်နေတာပါ။ အငွေ့မထွက်တဲ့ဆေးရွက်ကြီးသုံးစွဲမှုလျော့ချဖို့ ဦးတည်လုပ်ဆောင်မှာပါ” လို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းရဲ့ ဥက္ကဌ ဒေါက်တာသန်းစိန်က ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဆေးရွက်ကြီးသုံးစွဲမှုလျော့နည်းစေဖို့အတွက် အောက်တိုဘာ ၁၀ ရက်နေ့ကစတင်လုပ်ဆောင်မှာဖြစ်ပြီးတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရက်သတ္တပါတ်ခြောက်ပါတ်ဆက်တိုက်ပြုလုပ်သွားမှာဖြစ်ပါတယ်။
အဲ့ဒီလှုပ်ရှားမှုမှာ မီဒီယာတွေကနေတစ်ဆင့် ဆေးရွက်ကြီးရဲ့ အန္တရာယ်၊ ကင်ဆာဖြစ်ပွားနေတဲ့ လူနာတွေရဲ့ ပိုစတာတွေကိုပြသတာတွေပါဝင်မှာဖြစ်ပြီးတော့နှစ်ရှည်လများကွမ်းယာစားသုံးခဲ့သူတွေခံစားခဲ့ရတဲ့ ဘဝပျက်စီးခဲ့မှုတွေကိုပါ ပါဝင်သွားမယ်လို့ ဆိုပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေ ၁ဒသမ ၄ ဘီလီယံက ဆေးလိပ်၊စီးကရက်သောက်သုံးရာမှာ ဆေးရွက်ကြီးကို အသုံးပြုကြပြီး အများစုက ဝင်ငွေနည်းပါး(သို့မဟုတ်) အသင့်အတင့်ရှိတဲ့ နိုင်ငံတွေမှာ နေထိုင်တယ်လို့ စာရင်းတွေအရ သိရပါတယ်။