ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)ဟာ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိသော်လည်း မုန်တိုင်းအရှိန်ကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၇ ခုတို့မှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန့်ကြားမှုဦးစီးဌာန အောက်တိုဘာ ၉ ရက်နေ့ နေလည် ၁ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။
Photo - မိုးလေဝသနဲ့ ဇလဗေဒညွှန့်ကြားမှုဦးစီးဌာန
မုန်တိုင်းဟာ လတ်တလောမှာ အိန္ဒိယနိုင်ငံ၊ ဂိုလ်ပါပူမြို့(Gopalpur)ရဲ့ အရှေ့တောင်ဘက် မိုင် (၃၀၀)ခန့်၊ ကလင်ဂါ ပတ္တနမ်မြို့(Kalingapatinam)ရဲ့ အရှေ့တောင်ဘက် မိုင်(၂၇၀)ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြုနေပြီ ၂၄ နာရီအတွင်း ဆိုက်ကလုံးမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ဆိုပါတယ်။
လတ်တလောမှာ နေ့လည် ၁၁ နာရီ ၃၀ အချိန် တိုင်းတာချက်တွေအရ မုန်တိုင်းငယ်ရဲ့ဗဟိုချက်လေဖိအား (၁၀၀၀)ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းက တစ်နာရီလျှင် မိုင်(၄၀)နှုန်း ဖြစ်ပါတယ်။ ဒါကြောင့် နောက် (၇၂)နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။
မုန်တိုင်းကြောင့်လှိုင်း အမြင့်က မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင်(၉)ပေကနေ (၁၂)ပေအထိနဲ့ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ (၆)ပေကနေ (၉)ပေခန့် ရှိနိုင်တယ်လို့သိရပါတယ်။
ဒါကြောင့်မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်မှာရှိနေတဲ့ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေနဲ့ ကြိုတင်သတိပြုကြဖို့ မိုးဇလက တိုက်တွန်းထားပါတယ်။