လွှတ်တော်ထဲမှာ တကယ်ဖြစ်နေတဲ့ ကိစ္စလို့ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ Eleven က သတင်းသမား ၃ ယောက်ကို တရားစွဲဆိုထားတာနဲ့ ပတ်သက်ပြီး Eleven ရဲ့ရေးသားချက်တွေဟာ အမှန်တွေဖြစ်တဲ့ အတွက် လိုအပ်ရင် ကိုယ်တိုင်သက်သေလုပ်ပေးမယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျက Duwun ကို အောက်တိုဘာ ၁၀ ရက်နေ့ ညနေပိုင်းမှာ ပြောကြားလိုက်ပါတယ်။



Photo - Kyaw Zay Ya



"ကျွန်တော်တို့က စာရင်းစစ်ချုပ်က တင်ပြလာတဲ့ အပေါ်မှာ လွှတ်တော်ထဲမှာ ဆွေးနွေးရတာပါ။ ရမ်းပြီးဆွေးနွေးလို့ရတာမဟုတ်ပါဘူး။ ဒီကိစ္စက ပြည်သူ့ငွေစာရင်းကော်မတီနဲ့ ဆွေးနွေးရတဲ့ကိစ္စပါ အမှန်တွေချည်းပါပဲ။ ကျွန်တော်ကတော့ အမှန်တရားဖက်ကပဲ ရပ်တည်မယ်။ သတင်းသမား ၃ ယောက်အတွက်လိုအပ်ရပ်ကိုယ်တိုင် သက်သေလုပ်ပေးပါမယ်။"လို့ ဦးကျော်ဇေယျက Duwun ရဲ့မေးမြန်းချက်ကိုပြန်လည်ဖြေကြားခဲ့တာပါ။



အများပြည်သူက အကြည်ညိုပျက်ပြီး အယုံအကြည်မဲ့စေတဲ့ ဆိုတဲ့ အချက်နဲ့ Eleven Media Group က အယ်ဒီတာချုပ် ဦးကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ဦးနရီမင်းနဲ့ သတင်းထောက်ချုပ် ကိုဖြိုးေ၀၀င်းတို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုခဲ့တာပါ။



အောက်တိုဘာ ၈ ရက်ထုတ် Weekly Eleven ဂျာနယ် စာမျက်နှာ ၂၆ မှာဖော်ပြထားတဲ့ “အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူအမည်ပေါက် ပြည်သူ့ရှယ်ယာ” ဆောင်းပါးမှာ ပြည်သူ့ဘဏ္ဍာသုံးပြီး ကုမ္ပဏီထူထောင်ထားတယ်ဆိုပြီးရေးသားမှု၊ သက်တမ်း ၅ နှစ်ဘဲ ရှိတဲ့ အစိုးရတစ်ရပ်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဆိုတဲ့ ရာထူးအောက်မှာ ပြည်သူ့ဘဏ္ဍာ ရှယ်ယာတွေကို မထားဘဲ ဦးမြင့်သောင်း ဆိုတဲ့ နာမည်အောက်မှာ ပြည်သူ့ရှယ်ယာတွေ ထားနေတာက လုပ်ထုံးလုပ်နည်းအရ လွဲမှားမှုတွေ ဖြစ်နေတယ်ဆိုတာရေးသားမှုတွေကြောင့် ခုလို စွဲဆိုတာဖြစ်တယ်လို့ Eleven သတင်းသမားတွေက ပြောဆိုထားပါတယ်။



အောက်တိုဘာ ၁၀ ရက်မှာတော့ ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆိုခံရတဲ့ သတင်းသမားသုံးဦးဟာ တာမွေမြို့နယ်ရဲစခန်းမှာ ကိုယ်တိုင်သွားရောက် အစစ်ခံခဲ့ပြီးနောက် တာမွေမြို့နယ် တရားရုံးတွင် ရုံးချိန်းရမန် ရယူပြီး အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က