ဘီလာရုစ်နိုင်ငံကို ရန်သူကတိုက်ခိုက်လာပါက ကလေးများမှအပ အမျိုးသား၊ အမျိုးသမီးနဲ့ အသက်ကြီးသူတွေ အပါအဝင် နိုင်ငံသားတိုင်းကို သေနတ်တစ်လက်စီ ပေးအပ်သွားမယ်လို့ သမ္မတ အလက်ခ်စန်ဒါ လူကာရှင်ကိုက ပြောကြားလိုက်ပါတယ်။
Photo: Evgeny Yepantchintsev / Sputnik
ဘီလာရုစ်နိုင်ငံအတွင်းကို အိမ်နီးချင်းယူကရိန်းမှ တရားမဝင် လက်နက်အများအပြား သွင်းယူနေမှုကိုလည်း စိတ်ပျက်မိကြောင်း သမ္မတလူကာရှင်ကိုက ပြောခဲ့ပါတယ်။
"ကျွန်တော် ဟာသလုပ်နေတာ မဟုတ်ပါဘူး၊ တစ်ကယ်လို့ ကျွန်တော်တို့မှာ ချေမှုန်းရေးရိုင်ဖယ်တွေ၊ ပစ္စတိုတွေ၊ စက်သေနတ်တွေနဲ့ ကျည်ဆန်တွေ လုံလုံလောလောက်ရှိလာမယ်ဆိုရင်၊ ဘုရားသခင်က ခွင့်လွှတ်မယ်ဆိုရင် မိသားစုတိုင်းကို စစ်ပွဲမှာ ပါဝင်တိုက်ခိုက်စေမှာပါ" လို့ လူကာရှင်ကိုရဲ့ ပြောကြားမှုကို STV ရုပ်မြင်သံကြားသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဘီလာရုစ်သမ္မတ လူကာရှင်ကို (Photo: AFP)
ဘီလာရုစ်နိုင်ငံသား ခုနစ်သန်းကို လက်နက်တပ်ဆင်ပေးသွားမယ်လို့လည်း သမ္မတလူကာရှင်ကိုက ဖြည့်စွက်ပြောခဲ့ကြောင်း သိရပါတယ်။ ဘီလာရုစ်အနေနဲက ခုခံကာကွယ်ရေး လက်နက်များသာ လိုအပ်ခြင်း ဖြစ်ကြောင်းနဲ့ ထိုလက်နက်များဖြင့် ရန်သူက တိုက်ခိုက်လာနိုင်ခြင်းမရှိအောင် ကာကွယ်နိုင်မယ်လို့လည်း သမ္မတကဆိုပါတယ်။
ဘီလာရုစ်နိုင်ငံမှာ ပစ်မှတ်ကို အတိအကျ ပစ်ခတ်နိုင်ပြီး အကွာအဝေး ၁၈၆ မိုင်မှ ၂၁၇ မိုင်အတွင်း ရောက်ရှိနိုင်တဲ့ ဒုံးကျည်များ ပိုင်ဆိုင်ထားတယ်လို့လည်း လူကာရှင်ကိုက ပြောခဲ့ပါတယ်။
သမ္မတလူကာရှင်ကိုက ဘီလာရုစ်ကို မည်သည့်နိုင်ငံက တိုက်ခိုက်ရန်ပြင်ဆင်နေကြောင်းကိုတော့ အတိအကျ မပြောခဲ့ပါဘူး။ သို့သော် အိမ်နီးချင်း ယူကရိန်းနိုင်ငံဟာ စိုးရိမ်စရာကောင်းကြောင်း ၎င်းကဆိုပါတယ်။
Map: Google
"ကျွန်တော်တို့ ယူကရိန်းနယ်စပ်ကနေ လက်နက်တွေ အများအပြား ဝင်ရောက်နေတာကို သတိထားနေပါတယ်၊ လက်နက်အများကြီး သိမ်းဆည်းရမိခဲ့ပါတယ်" လို့ ဘီလာရုစ်သမ္မတက ပြောခဲ့ပါတယ်။ ယူကရိန်းနဲ့ နယ်စပ်ဖြတ်သန်းမှုတွေကိုလည်း တင်းကျပ်သွားရန် ဘီလာရုစ်အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။
"ကျွန်တော်တို့ နယ်စပ်ဒေသက ဘီလာရုစ်အတွက် ဘယ်လောက်အထိ ပြဿနာရှိတယ်ဆိုတာ သိပါတယ်၊ ကျွန်တော်တို့ နယ်စပ်ကိုပိတ်ပစ်ရမှာပါ၊ ဒါပေမဲ့ လက်ခံနိုင်တဲ့ လူကောင်းတွေကိုတော့ ဖြတ်သန်းခွင့်မပိတ်ပါဘူး၊ သေနတ်တွေသယ်ဆောင်လာတဲ့ ပြစ်မှုကျူးလွန်သူတွေကိုတော့ နယ်စပ်ဖြတ်သန်းခွင့် ပိတ်ပင်မှာပါ" လို့ လူကာရှင်ကိုက ပြောခဲ့ပါတယ်။