မန်ချက်စတာယူနိုက်တက်အသင်းဟာ အင်တာမီလန်အသင်းရဲ့ ကြယ်ပွင့်တောင်ပံကစားသမား အိုင်ဗန်ပါရီဆစ်ကို မခေါ်ယူနိုင်ခဲ့တာဟာ ပါရီဆစ်အတွက် နောက်ထပ်အပိုပေးရမယ့် ပေါင် ၃ သန်းကို မန်ချက်စတာယူနိုက်တက်အသင်းဒုဥက္ကဌ အက်ဒ်ဝုဒ်ဝဒ်က ပေးချေဖို့ ငြင်းပယ်ခဲ့တာကြောင့်ဖြစ်တယ်လို့ Evening Standard က ဖော်ပြခဲ့ပါတယ်။
Photos: Metro
အင်တာမီလန်အသင်းရဲ့ ကြယ်ပွင့်တောင်ပံကစားသမား ပါရီဆစ်ဟာ ၂၀၁၇ ခုနှစ်တုန်းက မော်ရင်ဟိုရဲ့ ခေါ်ယူလိုတဲ့ကစားသမားစာရင်းမှာ ထိပ်ဆုံးကနေ ပါဝင်ခဲ့သူဖြစ်ပြီး မန်ယူအသင်းရဲ့တိုက်စစ်အတွက် လူကာကူကို ပါရီဆစ်က တောင်ပံကနေ အထောက်အပံ့ဖြစ်စေနိုင်တယ်လို့ မော်ရင်ဟိုက ယုံကြည်ခဲ့တာဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပါရီဆစ်ဟာ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ဆန္ဒရှိခဲ့ပြီး အင်တာမီလန်အသင်းကလည်း ပါရီဆစ်အတွက် ပေါင် ၄၈ သန်းပေးချေဖို့ ကမ်းလှမ်းခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပါရီဆစ်အတွက် ပေါင် ၄၅ သန်းခန့်သာ အသုံးပြုဖို့ ဆန္ဒရှိခဲ့ပြီး လိုနေတဲ့ ပေါင် ၃ သန်းကို ပေးချေပြီး ခေါ်ယူဖို့ကို အသင်းဒုဥက္ကဌအက်ဒ်ဝုဒ်ဝဒ်က ငြင်းပယ်ခဲ့တာကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ပါတယ်။
Photos: Metro
မန်ယူအသင်းဟာ ပါရီဆစ်ကို မခေါ်ယူနိုင်ခဲ့တဲ့အတွက် အာဆင်နယ်အသင်းရဲ့ကြယ်ပွင့်တောင်ပံကစားသမား အလက်ဆစ်ဆန်းချက်ဇ်ကို ခေါ်ယူခဲ့ရပြီး အသင်းရဲ့လစာအများဆုံးကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းနဲ့အတူ ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုုင်ခဲ့တဲ့ ပါရီဆစ်ကို မြင်ခဲ့ရတာကြောင့် ၎င်းရဲ့လူခေါ်ယူဖို့ ဆုံးဖြတ်ချက်ဟာ မမှားယွင်းဘူးဆိုတာ ပိုမိုယုံကြည်ခဲ့ပါတယ်။
အသက် ၅၅ နှစ်အရွယ်ရှှိပြီဖြစ်တဲ့ မော်ရင်ဟိုဟာ ပေါင် ၃ သန်းပမာဏနဲ့ ခေါင်းမာပြီး ခရိုအေးရှားတောင်ပံကစားသမားကို ခေါ်ယူခွင့်မပေးခဲ့တဲ့အတွက် အက်ဒ်ဝုဒ်ဝဒ်ကို ဒေါသထွက်ခဲ့ပါတယ်။ မော်ရင်ဟိုနဲ့ အက်ဒ်ဝုဒ်ဝဒ်တို့ရဲ့ဆက်ဆံရေးဟာ ပြီးခဲ့တဲ့နွေရာသီက စပါးအသင်းနောက်ခံကစားသမား အယ်ဒါဝီလ်အပြောင်းအရွှေ့ မအောင်မမြင်ဖြစ်ခဲ့ပြီးနောက်မှာ ပိုလို့တောင် ဆိုးရွားလာခဲ့ပြီဖြစ်ပါတယ်။