နေခြည်ဦးက သူ့ရဲ့ ညီမလေးအရင်းဖြစ်တဲ့ စိမ်းလဲ့ရတနာက အနုပညာဝါသနာကြီးတဲ့ အကြောင်းတွေကို ပြောပြလာပါတယ်။ သူတို့ ညီအစ်မ နှစ်ယောက်ကတော့ အသက် ၁၂ နှစ်ကွာပါတယ်တဲ့။
Photo: Beauty by Nay chi Page
သရုပ်ဆောင် နေခြည်ဦး ဟာ သူ့ရဲ့ ညီမလေးအရင်းဖြစ်သူ စိမ်းလဲ့ရတနာ ကလည်း အနုပညာအလုပ်ကို ဝါသနာပါတဲ့အကြောင်းတွေ ပြောပြလာပါတယ်။ ညီမလေးက အနုပညာအလုပ်အပြင် တိုက်ကွမ်ဒို နဲ့ သိုင်း ကိုလည်း ထူးထူးချွန်ချွန်တက်မြောက်ထားတယ်ဆိုတာကို မီဒီယာတွေကနေတဆင့်ပြောပြထားပါတယ်။
'' ညီမလေးက နေခြည့်ထက် အနုပညာပိုး အဆတစ်ရာလောက် များတယ်။ ငယ်ငယ်လေး ကတည်းက သူ ၄ တန်းလောက်ကတည်းက အဆိုတော်ဖြစ်ချင်တယ်။ သရုပ်ဆောင်လည်းဖြစ်ချင်တယ်။ ပြီးတော့ နေခြည့် ညီမလေးက တိုက်ကွမ်ဒိုလည်းတက်တယ်။ သိုင်းလည်း တက်တယ်။ မြန်မာအကကိုလည်း အစအဆုံး သူ ကတတ်တယ်။ ငယ်ငယ်တုန်းကဆို ဇာတ်သဘင် တွေမှာကတယ်။ ကျောင်းရန်ပုံငွေ ပွဲတွေမှာဆို သူကတယ်။ အနုပညာအပေါ် ဝါသနာ တော်တော်ကြီးတာပါ'' လို့ ဆိုပါတယ်။
Photo: Beauty by Nay chi Page
ငယ်ငယ်ကတည်းက သီချင်းဆိုတာ ဝါသနာပါတယ်ဆိုတဲ့ နေခြည်ဦး
ငယ်ငယ်လေးကတည်းက အနုပညာဝါသနာပါတဲ့ ညီမငယ်လေး အတွက် အပြည့်အဝ ထောက်ပံ့မှုတွေပေးမယ် လို့လည်း နေခြည်ဦးက ပြောပြလာပါတယ်။ညီမလေးရဲ့ အနုပညာဝါသနာထက် ပညာရေးကို ဦးစားပေးစေချင်တယ်လို့ ဇွန်လ ၃၁ ရက်နေ့က ဧည့်သည်ရုပ်ရှင် ဇာတ်ကားကြီး ကန်တော့ပွဲပေးအခမ်းအနားက မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။
'' နေခြည်တို့ကလည်း အဓိက က ကလေးကို ပညာရေးမှာ ထိခိုက်မှာစိုးတဲ့အတွက် မလုပ်ပါနဲ့ဦးပေါ့နော်။ သူ့ရင်ထဲမှာတော့ သူသိတယ်။ နေခြည် တို့ဘက်က အပြည့်အဝ ထောက်ပံ့မှုပေးတယ်ဆိုတာ အသက်ကြီးလာလို့ အနုပညာအလုပ် လုံးဝမလုပ်ရဘူးလို့ မပြောဘူး။ သူ့ပညာ ရေး ပြီးလို့ အနုပညာအလုပ်လုပ်ချင်တယ်ဆိုရင် အပြည့်အဝပံ့ပိုးပေးမှာပါ'' လို့ ဆက်လက်ပြောပြလာပါတယ်။
Photo: Sean Let Yandanar Fb
နေခြည်ဦးဟာ သူ့ရဲ့ Facebook မှာလည်း အမေနဲ့ တစ်ခါ၊ ညီမလေးနဲ့ တစ်ခါ Live လွှင့်ပြီး ပရိသတ်တွေနဲ့ ပျော်ပျော်ပါးပါး စကားတွေ ပြောခဲ့ကြပါတယ်။ နေခြည်ဦးရဲ့ Facebook Live တွေကနေတဆင့် ညီမလေး စိမ်းလဲ့ရတနာကို အားပေးလာကြတဲ့ ပရိသတ်တွေလည်း ရှိတယ်လို့ ဆိုပါတယ်။
'' ပရိသတ်တွေကို နေခြည့်မေမေ နဲ့ မိတ်ဆက်ပေးခဲ့တယ်။ သူတို့ရင်ထဲမှာ တစ်ခုခုကျန်ခဲ့မယ်ဆိုတာကို သိတယ်။ နေခြည်နဲ့ ညီမလေးရဲ့ ဆက်ဆံရေးကလည်း နေခြည်နဲ့ မေမေ့လိုပဲ အရမ်းပွင့်လင်းတာဖြစ်တဲ့အတွက် ကိုယ့်ညီမလေးက ကိုယ့်အစ်မတစ်ယောက်အပေါ်မှာ လိုချင်တဲ့ အချက်လေးတွေကို နေခြည်သိတယ်။ ညီမလေးနဲ့ နေခြည့်ကို ချစ်ကြတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်'' လို့ သူကဆိုပါတယ်။
နေခြည်ဦးနဲ့ ညီမလေး စိမ်းလဲ့ရတနာတို့ဟာ အသက် ၁၂ နှစ်ကွာတယ်လို့ သိရပါတယ်။ နေခြည်ဦးရဲ့ ညီမလေးကတော့ အခု ၉ တန်း တက်နေ တယ်လို့ သိရပါတယ်။ နေခြည်ဦးမှာ မောင်လေး တစ်ယောက်၊ ညီမလေး တစ်ယောက်ရှိပါတယ်။ မိသားစုမှာတော့ နေခြည်ဦးက အကြီးဆုံး သမီးဖြစ်ပါတယ်။