တရားဝင်ခွင့်ပြုပေးလိုက်ပြီး ပထမ တစ်နှစ်အတွင်းမှာပင် ဆေးခြောက်ပြတ်လပ်မှု ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ကနေဒါမှာ ဆေးခြောက်ကို အပန်းဖြေရန်အတွက် ဝယ်ယူမှုအား ယနေ့ (အောက်တိုဘာ ၁၇ ရက်) မှစပြီး တရားဝင်ခွင့်ပြုပေးလိုက်ရာ နိုင်ငံအရှေ့ပိုင်း နယူးဖောင်လန်းကျွန်းမှာ ယမန်နေ့ည သန်းခေါင်ယံ အချိန်ကတည်းက လူပေါင်းရာနဲ့ချီ ဆေးခြောက်ဝယ်ယူရန် တန်းစီစောင့်ဆိုင်းခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆေးခြောက်ဝယ်ယူရန် တန်းစီးစောင့်ဆိုင်းနေသူများ (Photo: Reuters)



ကနေဒါဟာ ဥရုဂွေးနိုင်ငံပြီးပါက အပန်းဖြေရန် ရည်ရွယ်ချက်ဖြင့် ဆေးခြောက်ပိုင်ဆိုင်သုံးစွဲမှုကို တရားဝင်ခွင့်ပြုပေးခဲ့တဲ့ ဒုတိယမြောက်နိုင်ငံလည်း ဖြစ်လာပါတယ်။ ကနေဒါမှာ ဆေးကုသရေးအတွက် ဆေးခြောက်အသုံးပြုမှုကိုတော့ ၂၀၀၁ ခုနှစ်ကတည်းက တရားဝင်ခွင့်ပြုထားကြောင်း သိရပါတယ်။

ဆေးခြောက်ကို အပန်းဖြေရန်အသုံးပြုမှုအား တရားဝင်ခွင့်ပြုပေးခဲ့ပြီးနောက် ရဲတပ်ဖွဲ့အနေနဲ့ မူးယစ်ဆေးသုံးပြီး မော်တော်ယာဉ်မောင်းနှင်သူတွေကို အရေးယူဆောင်ရွက်ရန် အဆင်သင့်ဖြစ်မှု အပါအဝင် စိုးရိမ်စရာတွေလည်း ရှိနေပါတယ်။

တရားဝင်ရောင်းချတဲ့ ဆေးခြောက်ကို ပထမဆုံး ဝယ်ယူခဲ့သူနှစ်ဦး (Photo: CGTN)



ဆေးခြောက်ကို တရားဝင်ဝယ်ယူခွင့်ပြုလိုက်တဲ့ ဥပေဒသစ်အကြောင်းကို အိမ်ထောင်စု ၁၅ သန်းထံ သတင်းပေးပို့ခဲ့ကြောင်းနဲ့ ဥပဒေသစ်ကို အများပြည်သူ နားလည်းသဘောပေါက်ရန်လည်း အစိုးရက ဆောင်ရွက်နေပါတယ်။

ကနေဒါမှာ အပန်းဖြေရန် ဆေးခြောက်ဝယ်ယူသုံးစွဲမှုကို ခွင့်ပြုပေးလိုက်ပြီး ပထမ တစ်နှစ်အတွင်းမှာပင် ဆေးခြောက်ပြတ်လပ်မှု ဖြစ်လာနိုင်တယ်လို့ သုံးသပ်သူတွေက ခန့်မှန်းထားပါတယ်။

တရားဝင်ရောင်းချသည့် ဆေးခြောက်များ (Photo: Getty Image)



ဆေးခြောက်ဝယ်ယူမှု မြင့်တက်လာပြီး ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ထုတ်လုပ်မှုနဲ့ ရောင်းချခွင့် တရားဝင်လိုင်စင်ပြုလုပ်မှုတို့ကို တိုးမြှင့်လုပ်ဆောင်ရလိမ့်မယ်လို့ ဆိုပါတယ်။

ကနေဒါမှာ လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ အွန်တာရီအိုပြည်နယ်မှာ တရားဝင် ဆေးခြောက်စတိုးဆိုင်တွေကို လာမယ့် နွေဦးရာသီမှသာ စတင်ဖွင့်လှစ်နိုင်မှာဖြစ်ပြီး လက်ရှိမှာ ဒေသခံတွေဟာ အွန်လိုင်းကနေ မှာယူနိုင်တယ်လို့ သိရပါတယ်။

တရားဝင် ဆေးခြောက်စိုက်ခင်းတစ်ခု (Photo: NYTimes)



ဆေးခြောက်သုံးစွဲမှု အများဆုံးပြည်နယ်တစ်ခုဖြစ်တဲ့ ဗြိတိသျှကိုလံဘီယာမှာလည်း ယနေ့မှစပြီး တရားဝင် ဆေးခြောက်စတိုးဆိုင်တစ်ဆိုင်သာ ရှိအုံးမယ်လို့ဆိုပါတယ်။ ကနေဒါမှာ တရားဝင် ဆေးခြောက်စတိုးဆိုင်တွေ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်နိုင်ခြင်း မရှိသေးမီအထိ လိုင်စင်မဲ့ အရောင်းဆိုင်အချို့ကတော့ ဆက်လက် ဖွင့်လှစ်ထားဖွယ်ရှိပါတယ်။

ကနေဒါရဲတပ်ဖွဲ့က အဆိုပါ လိုင်စင်မဲ့ ဆေးခြောက်အရောင်းဆိုင်တွေကို ချက်ချင်းပိတ်ပင်စေမည်လား သို့မဟုတ် မမြင်ဟန်ဆောင်နေမည်လား ရှင်းလင်းစွာ မသိရကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က