ရုရှားက ယူကရိန်းနိုင်ငံမှ သိမ်းယူခဲ့တဲ့ ခရိုင်မီးယားဒေသရှိ နည်းပညာကောလိပ်ကျောင်းတစ်ခုမှာ ဗုံးခွဲမှုနဲ့ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး လူ ၁၉ ဦး သေဆုံးပြီး အခြား ၅၀ ထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
Photo: Kerch Info
ခရိုင်မီးယားရှိ ကောလိပ်ကျောင်းမှာ ယနေ့ (အောက်တိုဘာ ၁၇ ရက်) ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုဖြစ်ရပ်အတွင်း အနည်းဆုံး တိုက်ခိုက်သူတစ်ဦးက ကိုယ်တိုင်ယူစနစ်ဖြင့်ရောင်းချတဲ့ စားသောက်ဆိုင်မှာ ဗုံးဖောက်ခွဲခဲ့ပြီးနောက် ကျောင်းအဆောက်အအုံအတွင်း ဝင်ရောက်ကာ မြင်တွေ့သူမှန်သမျှကို ပစ်ခတ်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
Photo: Strais Times
တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူအများအပြားဟာ ဆယ်ကျော်သက်အရွယ် ကျောင်းသူကျောင်းသားတွေ ဖြစ်တယ်လို့ သိရပါတယ်။ ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး လူသတ်မှုအဖြစ် သတ်မှတ်ဆောင်ရွက်နေကြောင်းနဲ့ အကြမ်းဖက်တိုက်ခိုက်မှု မဟုတ်ကြောင်း ရုရှားအစိုးရဲ့ စုံစမ်းစစ်ဆေးရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။
ကောလိပ်ကျောင်းမှာ တိုက်ခိုက်ခဲ့သည့် ကျောင်းသား၏ CCTV ပုံရိပ် (Photo: east2west news)
ကောလိပ်မှာ တိုက်ခိုက်ခဲ့ကြောင်း အဓိက သံသယရှိသူဟာ အသက် ၁၈ နှစ်အရွယ် Vladislav Roslyakov အမည်ရှိ ကျောင်းသားဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တယ်လို့ ရုရှားအစိုးရက ကျောထောက်နောက်ခံပြုထားတဲ့ ခရိုင်မီးယားဒေသ အုပ်ချုပ်ရေးအဖွဲ့အကြီးအကဲ ဆာဂျီအက်စ်ယိုနော့ဗ်က ပြောခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။
Photo: Sputnik/Catherine Keizo
တိုက်ခိုုက်မှုဖြစ်ပွားတဲ့နေရာမှ ဗီဒီယိုမှတ်တမ်းတွေအရ ခရိုင်းမီးယားမြို့တော် Kerch မြို့ရှိ နည်းပညာကောလိပ်အနီးကို လက်နက်အပြည်အစုံ တပ်ဆင်ထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ဘက်မော်တော်ယာဉ်များ ချဉ်းကပ်ရောက်ရှိလာတာ တွေ့ရပါတယ်။
Photo: Ruptly/kerchinfo.com
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုအီဂူကလည်း အကူအညီပေးရန်အတွက် ခရိုင်မီးယားမြို့တော်သို့ တပ်ဖွဲ့ဝင်တွေနဲ့ အထောက်အပံ့ပစ္စည်းတွေ ပို့ထားခဲ့ကြောင်း ပြောပါတယ်။ ယခုတိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ ခရိုင်မီးယားဒေသကို ရုရှားက ၂၀၁၄ ခုနှစ်မှာ ယူကရိန်းနိုင်ငံထံမှ တိုက်ခိုက်သိမ်းယူထားခဲ့တာလည်း ဖြစ်ပါတယ်။
ကောလိပ်အနီး နေရာယူထားသည့် လုံခြုံရေးတပ်ဖွဲ့များ (Photo: NRT)
ထိုစဉ်က ရုရှားရဲ့လုပ်ရပ်ကို နိုင်ငံတကာက ကန့်ကွက်ရှုတ်ချမှုတွေရှိခဲ့ပြီး အနောက်အုပ်စုကလည်း အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ရုရှားက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်ပိုင်း ယနေ့ဖြစ်ရပ် မတိုင်မီအထိ ခရိုင်မီးယားမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ခြင်းမရှိဘူးလို့လည်း ဆိုပါတယ်။
ဗုံးခွဲမှုနဲ့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ Kerch မြို့ရှိ နည်းပညာကောလိပ်မှာ ဆယ်ကျော်သက်အရွယ် ကျောင်းသူကျောင်းသား ၈၅၀ ပညာသင်ကြားနေကြောင်း BBC သတင်းက ပြောပါတယ်။