၁၉၉၀ ခုနှစ်များဆီက ကျောင်းသားဘဝရဲ့ အငွေ့အသက်တွေကိုပြန်လည်ခံစားရမယ့် အသွင်အပြင်နဲ့ စားသုံးသူပရိတ်သတ်တွေကို ဆွဲဆောင်ထားတာကတော့ ဋ_မုန့်ဈေးတန်းဖြစ်ပါတယ်။ ဆိုင်ဖွင့်တာ တစ်လ ဝန်းကျင်ပဲရှိသေး ပေမယ့်လည်း ငယ်ဘဝအမှတ်တရတွေကို ပြန်လည်ဖော်ဆောင်ပေး တာကြောင့် စားသုံးသူတွေအကြား ပြောစမှတ်တွင်နေတဲ့ဆိုင်လေးဖြစ်ပါတယ်။
ကျောင်းစာသင်ခန်းပုံစံအပြင်အဆင်နဲ့ ဆွဲဆောင်ထားတဲ့ ဋ_မုန့်ဈေးတန်း
ဒီဆိုင်ကို စားသုံးသူတွေအကြိုက်တွေ့နေတာကတော့ ဆိုင်ရဲ့ အပြင်အဆင်ပါပဲ။ ၁၉၈၀၊ ၁၉၉၀ ခုနှစ် ဝန်းကျင် ကာလတွေအတွင်း ကျောင်းစာသင်ခန်းတွေရဲ့ အငွေ့အသက်ပုံစံတွေအတိုင်းပြင်ဆင်ထားတာကတော့ ဒီဆိုင်ရဲ့ အထူးခြားဆုံးပါပဲ။ ဒီဆိုင်လေးကို Examplez အဖွဲ့ဝင် အဆိုတော်ထူးကျော်က ဦးစီးဖွင့်လှစ် ထားတာဖြစ်ပြီး တစ်လဝန်းကျင်ပဲရှိသေးပေမယ့်လည်း လူပြောများနေတဲ့ဆိုင်လေးတစ်ခုဆိုရင်လည်း မမှားပါဘူး။
“ ကျွန်တော်တို့ သူငယ်ချင်းတွေ စုပြီးတော့ ဒီအိုင်ဒီယာလေးဖြစ်လာတာပေါ့။ အကုန်လုံးက တစ်ကျောင်းတည်း၊ တစ်ခန်းတည်း တက်လာကြတော့ ဘာလုပ်ကြမလဲဆိုတာ စဉ်းစားရင် ကျောင်းစာသင်ခန်းလေးပုံစံ လုပ်လိုက်တာပါ” လို့ အဆိုတော်ထူးကျော်က ဆိုပါတယ်။
ကျောင်းစာသင်ခန်းရဲ့အသုံးအဆောင်တွေကိုသုံးရမယ့် မုန့်ဈေးတန်းလေး
ဒီ မုန့်ဈေးတန်းလေးမှာ ထိုင်တဲ့ခုံ၊ စားတဲ့ပန်းကန်၊ ငွေရှင်းတဲ့ကောင်တာက အစ ကျောင်းခန်းထဲကအပြင်အဆင်တွေကိုမြင်တွေ့ရမှာပါ။ ဒါ့အပြင် အစားအသောက်တွေကလည်း ငယ်ငယ်တုန်းက မုန့်ဈေးတန်းမှာစားရတဲ့အစားအသောက်တွေပုံစံအတိုင်းရောင်းချပေးတာဖြစ်ပါတယ်။
“ကျောင်းနဲ့ပတ်သက်တာ မှန်သမျှ အကုန်ပေါ့နော်။ စားတဲ့စားပွဲခုံက အစ သေချာ ကျောင်းစာသင်ခုံတွေလိုမျိုး၊ အောက်မှာ ကျောပိုးအိတ်တွေထည့်လို့ရတဲ့ ပုံမျိုးလေးလုပ်ထားတယ်။ အစားအသောက်ပွဲတွေကိုလည်း ကျွန်တော်တို့ငယ်ငယ် ကျောင်းတတ်တုန်းက ထမင်းချိုင့်ထည့်တဲ့ပုံစံမျိုးလေး လုပ်ထားတယ်။အိမ်က ထမင်းချိုင့်လေးကို လက်သုတ်ပုဝါလေးနဲ့ ထုပ်ပေးလိုက်တဲ့ပုံစံမျိုးပေါ့။ အစားအသောက်ပိုင်းဆိုင်လည်း ဒီလိုပဲ ။ ကျွန်တော်တို့ငယ်ငယ်ကစားခဲ့တဲ့ပုံစံမျိုးပေါ့နော်။ ဗမာသုပ်လေးတွေပေါ့။ တူ၊ ဇွန်းထည့်တာက အစ ကွန်ပါဘူးလေးနဲ့ လုပ်ထားတာပေါ့။ နောက်ပြီး ငယ်ငယ်က ဖတ်တဲ့ရွှေသွေးဂျာနယ်လေးတွေကိုလည်း မှန်ဘောင်လေးနဲ့သွင်းပြီး အလှဆင်ထားတယ်။ လွယ်အိတ်လေးတွေဆိုလည်း ကျွန်တော်တို့ငယ်ငယ်က ကျောင်းလွယ်အိတ်လေးတွေပေါ့။ အဲဒါလေးတွေကို မှန်ဘောင်လေးသွင်းပြီး ပြန်ထည့်ထားလိုက်တာ။ ကောင်တာဆိုလည်း ကျောင်းဆရာမ ရုံးခန်းပုံစံပေါ့နော်။ ကျောင်းမှာ ဆရာမကိုတိုင်ချင်တယ်ဆို ကျောက်သင်ပုန်းမှာရေးပြီးတိုင်ကြတာဆိုတော့ ကျွန်တော်တို့ အဲဒီလိုပုံစံလေး လုပ်ထားတာပေါ့။ အဓိကကတော့ ကျောင်း Vibe လေးရအောင် လုပ်ထားတာပါ။” လို့ အဆိုတော်ထူးကျော်က ဆိုပါတယ်။
၂၀၀၀ ခုနှစ်ကအောင်တဲ့အထိမ်းအမှတ်အဖြစ် ဘာစားစား ၂၀၀၀ ကျပ်သာသတ်မှတ်ထား
ဒီဆိုင်မှာရနိုင်တဲ့ အစားအစာတွေအားလုံးရဲ့ ဈေးနှုန်းကို တစ်ပွဲ ၂၀၀၀ ကျပ်သတ်မှတ်ထားတာကလည်း စိတ်ဝင်စားစရာပါ။ အဆိုတော်ထူးကျော်တို့ သူငယ်ချင်းတစ်စု တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့ခုနှစ်အထိမ်းအမှတ်အဖြစ် အစားအစာတွေရဲ့ ဈေးနှုန်းကိုတစ်ပွဲ ၂၀၀၀ ကျပ်သာသတ်မှတ်ထားတာပါ။ ဒါ့အပြင် ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း (TTC) ကျောင်းဆင်းတွေဖြစ်တဲ့အလျောက် ကျောင်းမှာနှုတ်ဆက်စကားပြောတဲ့အခါ “ကျန်းမာရွှင်လန်းပါစေ” ဆိုတဲ့နှုတ်ဆက်စကားကိုလည်း ဆိုင်ရဲ့ အဝင်ဝမှာ ရေးထားတာကလည်း TTC ကျောင်းသားဟောင်းတွေအတွက် အလွမ်းပြေစရာပါ။
“ ဈေးနှုန်းကတော့ ၂၀၀၀ ခုနှစ်အောင်လို့ဆိုပြီးတော့ ဘာစားစား ၂၀၀၀ ကျပ်သတ်မှတ်ထားတယ်။ တစ်ပွဲကို ၂၀၀၀ ကျပ်ပေါ့နော်။ ကြက်ခြေထောက်တို့ဘာတို့က ၃၀၀၀ ကျော်ပေါ့။ လာစားတဲ့သူတွေက အကုန်လုံးသဘောကျကြပါတယ်။ အဓိက လာကြတာကတော့ ကျောင်းသူဟောင်းတွေ၊ ကျောင်းသားဟောင်းတွေ စုပြီးလာစားကြတယ်။” လို့ ဆိုပါတယ်။
အပြင်အဆင်သာမက အရသာလည်းကောင်းတဲ့ဆိုင်လေး
ဒီဆိုင်မှာ ရနိုင်တဲ့အစားအသောက်တွေကတော့ ကျောင်းမုန့်ဈေးတန်းမှာ စားကြတဲ့အစားအသောက်တွေကို အဓိကထားရောင်းချတာဖြစ်ပါတယ်။ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ကော်ရယ်၊ အသုပ်စုံ၊ ကောက်ညှင်းပေါင်း၊ ဆီထမင်း စတာတွေအပြင် ကော်ဖီ၊ လက်ဖက်ရည်နဲ့ ဖျော်ရည်မျိုးစုံတို့ ရနိုင်ပါတယ်။
“ အရသာဆိုလည်း ကျွန်တော်တို့ အကြိုက်မဖြစ်မချင်း အရသာကို ပြန်ပြင်တယ်။ နှစ်လ သုံးလလောက်ကြာတယ်။ မနက်ခင်အစားအစာအစုံပေါ့။ နို့အေးချောင်းဆိုလည်း ငယ်ငယ်တုန်းက လှည့်ရင် ဘယ်နှစ်ချောင်းဆိုပြီး အဲဒီလိုမျိုး လှည့်လို့ရတဲ့ဟာလေးပါ လုပ်ထားတယ်။ အခုဆို ညနေပိုင်းလည်းဖွင့်ဖို့လုပ်နေပြီ။ ငယ်ငယ်က စားခဲ့တဲ့ ပုဇွန်ခွက်ကြော်သုပ်၊ ကြာဇံဟင်းခါးတို့ ဒါမျိုးတွေ ရမှာပါ” လို့ ဆိုပါတယ်။
ဋ_မုန့်ဈေးတန်း ကို သွားချင်သူတွေအတွက်
ဒီဆိုင်လေးကတော့ ရန်ကင်းမြို့နယ်၊ ရန်ကင်းလမ်းမပေါ်၊ Golden City ကွန်ဒို ဂိတ်အမှတ် ၁ နှင့် မျက်နှာချင်းဆိုင်၊ Euro King Money Changer ဘေးမှာဖြစ်ပြီး ဆိုင်ဖွင့်ချိန်တွေက ရုံးဖွင့်ရက်တွေဆို မနက် ၇နာရီမှ နေ့လည် ၁၂ နာရီထိ၊ ရုံးပိတ်ရက်ဆိုရင်တော့ နေ့လည် ၂ နာရီအထိပါ။ ဒါကြောင့် ၁၉၈၀-၁၉၉၀ ခုနှစ်ဝန်းကျင်မွေးတဲ့သူတွေအနေနဲ့ ငယ်ဘဝအမှတ်တရလေးတွေကို အလွမ်းပြေစေနိုင်ဖို့ ဒီမုန့်ဈေးတန်းဆိုင်လေးကို သွားရောက်မြည်းစမ်းကြည့်ကြဖို့ ညွှန်းပေးလိုက်တာဖြစ်ပါတယ်။