သီတင်းကျွတ်လပြည့်နေ့မှာ ပြုလုပ်ခဲ့တာပါ။

နှစ်ပေါင်း ၁၀၀ နီးပါးခန့် ကြာမြင့်နေပြီဖြစ်တဲ့ ဆွေတော်မျိုးတော် သချိုင်းတော်ကို ပြန်လည်ပြင်ဆင်မှုတွေ ပြုလုပ်ပြီးစီးခဲ့ပြီး ဒီကနေ့ အောက်တိုဘာ ၂၄ ရက် သီတင်းကျွတ်လပြည့်နေ့မှာ အမျှတော်ဆက်ပွဲပြုလုပ်ခဲ့ပါတယ်။ 

 

 

ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရား အနောက်ဘက် ဆွေတော်မျိုးတော် သချိုင်းတော်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဦးအေနေဝင်းတတ်ရောက်လာခဲ့တာကို တွေ့ရပါတယ်။

 

 

" ကျွန်တော့်ကို ဆွေတော်မျိုးတော်တွေကဖိတ်လို့တတ်ရောက်လာတာဖြစ်ပါတယ်။ ဒီကို အခုမှ ပထမဆုံးအကြိမ် လာဖူးတာပါ။ ဘုရင့် အနွယ်တော်တွေရဲ့ အုတ်ဂူတွေကို အခုလို ပြုပြင်ဖို့အတွက် အစိုးရဘက်ကလည်း လုပ်သင့်လုပ်ထိုက်ပါတယ်။ ဆွေတော်မျိုးတော်တွေကလည်းဆက်ထိန်းသိမ်းသွားဖို့လိုပါတယ်" လို့ ဦးအေးနေဝင်းက ပြောပါတယ်။

 

 

ပျက်စီးယိုယွင်းနေတာ ကြာမြင့်နေတဲ့ဆွေတော်မျိုးတော်သချိုင်းတော်ကို ကုန်းဘောင်ဆက် ဆွေတော်မျိုးတော်များအသင်း (အောက်မြန်မာပြည်) ကနေ ဦးစီးပြီး လွန်ခဲ့တဲ့နှစ်လလောက်ကတည်းက ပြုပြင်တည်ဆောက်မှုတွေ လုပ်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါ သချိုင်းတော်ကို မင်းတုန်းမင်းတရားရဲ့ သမီးတော် မင်းတပ်ထိပ်ခေါင်တင်က ငါးထပ်ကြီးဘုရားအနောက်ဘက်က မြေကွက်လပ်ကို ဝယ်ယူပြီး ဘုရင့်အနွယ်တော် တွေသေဆုံးတဲ့အခါ မြှုပ်နှံနိုင်အောင် သချိုင်းတော်ကို တည်ဆောက်ခဲ့တာဖြစ်တယ်လို့ မင်းတပ်ထိပ်ခေါင်တင်ရဲ့ တီတော်စပ်သူ ကိုနေမျိုးဦးရဲ့ပြောပြချက်အရသိရပါတယ်။

နောက်ပိုင်းမှာ အစိုးရခေတ်အဆက်ဆက် အဆိုပါ အုတ်ဂူတွေကို ပြုပြင်ခွင့်မရခဲ့ဘဲ အုတ်ဂူတွေအပေါ်မှာ ကျုးကျော်အိမ်တွေ ဆောက်လုပ်နေထိုင်ခဲ့ကြပြီး တဖြည်းဖြည်း ပျက်စီးယိုယွင်းခဲ့တာဖြစ်ပါတယ်။

“ ခေတ်အဆက်ဆက်က ပြုပြင်ခွင့်လည်းမရခဲ့ဘူး။ အခုကျမှ စည်ပင်တို့၊သုတေသနတို့ကနေ သူတို့နဲ့ မဆိုင်ဘူး။ ဆွေတော်မျိုးတော်တွေနဲ့ပဲဆိုင်တယ်။ ပြုပြင်ခွင့်ရှိတယ်ဆိုတော့ ကျွန်တော်တို့ ကုန်းဘောင်ဆက် ဆွေတော်မျိုးတော်များအသင်းနဲ့ ရန်ကုန်က အိမ်တော် ၃၀ တို့ပူးပေါင်းပြီးပြင်ခဲ့တာပါ” လို့ ကိုနေမျိုးဦးက ပြောပါတယ်။

 

အရင်ကတော့ မင်းတုန်းမင်းရဲ့ အနွယ်တော် အုတ်ဂူပေါင်း ၆၀ လောက်ရှိခဲ့ပြီးတော့ လက်ရှိမှာ အနွယ်တော်တွေရဲ့ အုတ်ဂူပေါင်း ၂၀ လောက်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

ဒီသချိုင်းသုသာန်မှာ မင်းတုန်းမင်းရဲ့ သမီးတော် သုသီရိ စန္ဒာဒေဝီ  မင်းတပ်ထိပ်ခေါင်တင်၊ မင်းတုန်းမင်းရဲ့ မြေးတော် ပင်လယ်ထိပ်ခေါင်တင်ကြီး၊ မင်းတုန်းမင်းတရားရဲ့ မြေးတော် သုသီရိ နန္ဒဝတီ ခေါ် ပင်လယ်ထိပ်ခေါင်တင်ကလေး ၊ မင်းတုန်းမင်းရဲ့ မြေးတော် သုံးဆယ်ထိပ်တင်ကလေး အစရှိတဲ့ မင်းတုန်းမင်းဘုရင်ရဲ့ မျိုးဆက် အုတ်ဂူတွေ ထားရှိတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က