A4 စာရွက်ကိုအသုံးပြုပြီ ငါးထောင်ကျပ်တန်နဲ့ တစ်သောင်းကျပ်တန် အတုတွေပြုလုပ်သုံးစွဲခဲ့တဲ့ အမျိုးသား ၃ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ပြည်ထဲရေးဝန်ကြီးဌာနကသိရပါတယ်။
Photo - ရဲဇာနည်
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ချိန် ရှမ်းပြည်နယ်၊ ရွှေညောင်မြို့၊ ရွှေဘုံသာရပ်ကွက်က ကုန်စုံဆိုင်တစ်ဆိုင်မှာ အမျိုးသား(၂)ဦးက ဈေးဝယ်လာစဉ် (၅,၀၀၀)ကျပ်တန် ငွေစက္ကူအတု(၁)ရွက်အား ပေးအပ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့က စုံစမ်းမှုတွေပြုလုပ်ခဲ့တယ်လို့ရဲတပ်ဖွဲ့ကသိရပါတယ်။
သတင်းအရ ရွှေညောင်နယ်မြေ ရဲစခန်းမှ တပ်ဖွဲဝင်များက သက်သေများနှင့်အတူ သွားရောက်စုံစမ်းခဲ့ရာ ငွေအတုဖြင့် ဈေးဝယ် ခဲ့သူဟာ ရွှေဘုံသာရပ်ကွက်နေ ကျော်သူ(ခ)အီစွတ်(၁၉)နှစ်ဖြစ်ကြောင်း သိရှိရပြီး သူရဲ့နေအိမ်အား ရှာဖွေရာ ကျော်သူ(ခ)အီစွတ်နဲ့ မိုးမြင့်မြတ်(ခ)ဂြိုလ်သား(၁၇)နှစ်တို့ ၂ ယောက်ကို (၅,၀၀၀)ကျပ်တန် ငွေစက္ကူအတု(၅)ရွက်နှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် ဆက်လက်စစ်ဆေးရာမှာ ငွေစက္ကူအတုတွေကို ဓနသိဒ္ဓိရပ်ကွက်နေ မင်းထက်ကိုကို(ခ)နူးရ်မိုဟမ္မဒ် (၂၁)နှစ် “မိဘဂုဏ်” ကွန်ပျူတာမိတ္တူနှင့် စာစီစာရိုက်လုပ်ငန်းလုပ်ကိုင်သူထံမှ ရရှိကြောင်း ပေါ်ပေါက် ခဲ့ပါတယ်။
အဲ့တာကြောင့် အဲ့ဒီဆိုင်ကို ထပ်မံဝင်ရောက်ရှာဖွေရာ (၁၀,၀၀၀)ကျပ်တန် ငွေစက္ကူအတုပြုလုပ်ဆဲ A4 စာရွက်(၁)ရွက်၊ ငွေစက္ကူအတုပြုလုပ်ရာတွင် အသုံးပြုတဲ့ ကွန်ပျူတာလက်တော့(၁)လုံးနဲ့ အခြား ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
ဒါကြောင့် ကျော်သူ(ခ)အီစွတ်ပါ(၃)ဦးကို ရွှေညောင် နယ်မြေရဲစခန်း (ပ)၁၁၂/၂၀၁၈၊ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။