အောက်တိုဘာ ၂ ရက်မှာ ကာရှော့ဂီ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီအာရေးဗီးယား ကောင်စစ်ဝန်ရုံးအတွင်း ဂျာနယ်လစ် ဂျမေးလ် ကာရှော့ဂီ အသတ်ခံရမှုဟာ ကြိုတင်ကြံစည်ထားခြင်းဖြစ်ကြောင်း ဆော်ဒီအစိုးရရှေ့နေက ပြောကြားခဲ့တယ်လို့ သိရတယ်။

ဆော်ဒီ ကောင်စစ်ဝန်ရုံးမှာ အသတ်ခံရသည့် ဂျာနယ်လစ်ကာရှော့ဂီ (Photo: EPA)



ကာရှော့ဂီအား ကြိုတင်ကြံစည်ပြီးသတ်ခဲ့တဲ့ အထောက်အထားကို ဆော်ဒီနဲ့တူရကီ တာဝန်ရှိသူတွေ ပူးပေါင်းပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ထံမှ ရရှိခဲ့ကြောင်း al-Ekhbariya သတင်းဌာနက ပြောပါတယ်။ ပူးတွဲ စုံစမ်းစစ်ဆေးမှုအရ သံသယရှိသူတွေကို စစ်ဆေးမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

ယခုအမှုနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၂ ရက်မှာ ကာရှော့ဂီ ပျောက်ဆုံးသွားပြီးနောက် ဆော်ဒီအစိုးရက တစ်စုံတစ်ရာ သိရှိထားခြင်း မရှိခဲ့ဘူးလို့ အစောပိုင်းမှာ ငြင်းဆိုခဲ့ပါတယ်။ ထို့နောက်ပိုင်းမှာတော့ ဆော်ဒီအစိုးရက ကာရှော့ဂီဟာ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီအာရေးဗီးယား ကောင်စစ်ဝန်ရုံးမှာ အသတ်ခံခဲ့ရကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။

ကာရှော့ဂီအသတ်ခံရမှုနဲ့ ဆော်ဒီအစိုးရ

ဂျာနယ်လစ်ကာရှော့ဂီ အမှုကိစ္စဖြစ်ပြီးနောက် ဆော်ဒီထောက်လှမ်းရေးဌာနကို ပြုပြင်ပြောင်းလဲမှုလုပ်ရန် အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆဲလ်မန်း ဦးဆောင်တဲ့ ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။

အဆိုပါ ကော်မတီရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို အောက်တိုဘာ ၂၅ ရက်မှာ ပြုလုပ်ခဲ့ပြီး အိမ်ရှေ့မင်းသားလည်း တက်ရောက်ခဲ့တယ်လို့ ဆော်ဒီအစိုးရသတင်းဌာန Saudi Press Agency က ပြောပါတယ်။

ဆော်ဒီ အိမ်ရှေ့မင်းသား ဘင်ဆဲလ်မန်း (Photo: EPA)



ဂျာနယ်လစ်ကာရှော့ဂီ အသတ်ခံရမှုဖြစ်ပြီးနောက် ဆော်ဒီက အိမ်ရှေ့မင်းသားရဲ့ အဓိက အကြံပေးပုဂ္ဂိုလ်နှစ်ဦးကို ရာထူးမှထုတ်ပယ်လိုက်ပြီး လူ ၁၈ ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ ဆော်ဒီအိမ်ရှေ့မင်းသား ဘင်ဆဲလ်မန်းက ခါရှော့ဂီအသတ်ခံရမှုမှာ တာဝန်ရှိသူတွေကို အပြစ်ပေးသွားမယ်လို့ အောက်တိုဘာ ၂၄ ရက်မှာ ပြောခဲ့ပါတယ်။

သို့သော် တူရကီလုံခြုံရေး သတင်းရင်းမြစ်တွေကို ကိုးကားပြီး မီဒီယာတွေက ဖော်ပြရာမှာတော့ ဂျာနယ်လစ်အသတ်ခံရမှုကို အိမ်ရှေ့မင်းသား ဘင်ဆဲလ်မန်းရဲ့ ထိပ်တန်းလက်ထောက်တစ်ဦးက စီစဉ်လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အိမ်ရှေ့မင်းသားနှင့် တွေ့ဆုံခဲ့သည့် ကာရှော့ဂီ၏ သားဖြစ်သူ (Photo: AFP)



ဆော်ဒီဘုရင်နဲ့ အိမ်ရှေ့မင်းသားတို့က ကာရှော့ဂီရဲ့သားဖြစ်သူကို ဖိတ်ခေါ်တွေ့ဆုံခဲ့ပါတယ်။ နောက်ဆုံးသတင်းတွေအရ ကာရှော့ဂီရဲ့သားဖြစ်သူဟာ ဆော်ဒီကနေ အမေရိကန်ကို ထွက်ခွာသွားကြောင်း သိရပါတယ်။

တူရကီက ရရှိခဲ့တဲ့ အထောက်အထား

အမေရိကန် CIA ညွန်ကြားရေးမှူး ဂီနာဟက်စ်ပဲလ်က ကာရှော့ဂီ အသတ်ခံရမှုကို အသံဖမ်းယူထားမှုအား နားထောင်ခဲ့ရကြောင်း အမေရိကန်မီဒီယာတွေက ဖော်ပြလာခဲ့ပြီးနောက် ယခုလူသတ်မှုဟာ ကြိုတင်ကြံစည်မှုဖြစ်ကြောင်း ဆော်ဒီက ပြောဆိုလာခဲ့လည်း ဖြစ်ပါတယ်။

အမေရိကန် CIA ညွန်ကြားရေးမှူး ဂီနာဟက်စ်ပဲလ် (Photo: Getty Images)



အစ္စတန်ဘူလ်ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးမှာ ဂျာနယ်လစ်ကာရှော့ဂီ အသတ်ခံရပြီးနောက် မကြာမီမှာပင် တူရကီအာဏာပိုင်တွေက ကာရှော့ဂီကို စစ်ဆေးနေမှုနဲ့ ၎င်းသေဆုံးမှု အထောက်အထားတို့ကို အသံဖမ်းယူထားကြောင်း ပြောကြားခဲ့တယ်လို့ တူရကီမီဒီယာတွေမှာ ဖော်ပြလာခဲ့ပါတယ်။ အဆိုပါ အသံဖမ်းယူထားမှုနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ မီဒီယာတွေက မသိခဲ့ရပါဘူး။

ကာရှော့ဂီအလောင်း ဘယ်ရောက်နေလဲ

လက်ရှိအချိန်ထိ ဆော်ဒီဂျာနယ်လစ် ကာရှော့ဂီရဲ့ အလောင်းကို မတွေ့ရသေးဘူးလို့လည်း ဆိုပါတယ်။ ယခုနောက်ဆုံး ရှာဖွေနေမှုမှာတော့ ဆော်ဒီကောင်စစ်ဝန်ရုံး အဆောက်အအုံရဲ့ ပန်းခြံအတွင်းရှိ ရေတွင်းတစ်ခုကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

ဂျာနယ်လစ် ဂျမေးလ် ကာရှော့ဂီ (Photo: BBC)



ဂျာနယ်လစ်ခါရှော့ဂီ အသတ်ခံရမှုကို စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး ကွဲလွဲတဲ့ သတင်းတွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။ ဆော်ဒီအစိုးရက ၎င်းရဲ့ကောင်စစ်ဝန်ရုံးမှာ ရှာဖွေခွင့်မပြုခဲ့ကြောင်း အစောပိုင်းမှာ တူရကီသတင်းဌာန Anadolu က ပြောပါတယ်။

နောက်ပိုင်းမှာတော့ ဆော်ဒီက ရှာဖွေခွင့်ပြုခဲ့ကြောင်း NTV သတင်းဌာနက ပြောခဲ့ပါတယ်။ အင်္ဂါနေ့ (အောက်တိုဘာ ၂၃ ရက်) ကလည်း အလားတူ ကွဲလွဲတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ခါရှော့ဂီရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဆော်ဒီသံတမန်တစ်ဦးရဲ့ ကားအတွင်း ခရီးဆောင်အိတ်တွေထဲမှာ တွေ့ရှိရကြောင်း သတင်းထွက်ခဲ့ပါသေးတယ်။

ဆော်ဒီရဲ့ ပြောဆိုမှုများ

- ပထမဆုံးမှာ ဂျာနယ်လစ် ခါရှော့ဂီဟာ ကောင်စစ်ဝန်ရုံးကနေ အသက်ရှင်လျက် ပြန်သွားခဲ့တယ်လို့ ပြောပါတယ်။ နောက်ပိုင်းမှတော့ ကောင်စစ်ဝန်ရုံးထဲမှာ ရန်ပွဲဖြစ်ကာ အပြန်အလှန် ထိုးကြိတ်ကြစဉ် ခါရှော့ဂီ သေဆုံးခဲ့တယ်လို့ ဆော်ဒီကဆိုပါတယ်။

- ထိုသို့ပြောဆိုခဲ့ပြီးနောက် ခါရှော့ဂီဟာ ကြမ်းတမ်းတဲ့ စစ်ကြောဆောင်ရွက်မှုအတွင်း အသတ်ခံခဲ့ရတယ်လို့ ဆော်ဒီက ပြောခဲ့ပြန်ပါတယ်။ ထိုသို့ လုပ်ဆောင်မှုကို ဆော်ဒီခေါင်းဆောင်ပိုင်းက မသိရှိခဲ့ကြောင်းလည်း ပြောပါတယ်။

အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီ ကောင်စစ်ဝန်ရုံး (Photo: AP)



- အမည်မဖော်ပြတဲ့ ဆော်ဒီအစိုးရ တာဝန်ရှိသူတစ်ဦးက Reuters သတင်းဌာနကို ပြောကြားရာမှာတော့ ခါရှော့ဂီဟာ ဆော်ဒီအာရေးဗီးယားကို ပြန်လွှတ်မှုအား အတိုက်အခံလုပ်ခဲ့ရာ ၎င်းကို လည်ပင်းညှစ်ချုပ်နှောင်ခဲ့မှုအတွင်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

- ခါရှော့ဂီရဲ့အလောင်းကို ခြေသုတ်ခုံဖြင့်လိပ်ပြီး ကောင်စစ်ဝန်ရုံးနဲ့ ပူးပေါင်းလုပ်ကိုင်နေသူတစ်ဦထံ စွန့်ပစ်ရှင်းလင်းရန် ပေးအပ်ခဲ့တယ်လို့ ပြောပါတယ်။

- ယခုအခါမှာတော့ ဆော်ဒီဘက်ကလည်း တူရကီ စုံစမ်းစစ်ဆေးသူတွေရဲ့ ကောက်ချက်ချမှုတွေအတိုင်း ခါရှော့ဂီဟာ ကြိုတင်ကြံစည် အသတ်ခံခဲ့ရကြောင်း လက်ခံခဲ့တယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က