မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်ဟာ ပီအက်စ်ဂျီအသင်းရဲ့ ကမ်းလှမ်းမှုကိ ုမျှော်လင့်နေတယ်လို့ သိရပါတယ်။ အသက် (၂၉)နှစ်အရွယ် ချီလီကစားသမားဟာ အိုးထရက်ဖို့ဒ်မှာ ရုန်းကန်နေရတဲ့ အခြေအနေကို စိတ်ပျက်နေပြီး အသင်းက ပြန်လည်ထွက်ခွာဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။
Photo : Daily Mail
တစ်ပတ်ကို ပေါင် (၅)သိန်းနီးပါး ရရှိနေတဲ့ ဆန်းချက်ဇ်ဟာ မော်ရင်ဟိုရဲ့ နည်းစနစ်တွေအောက်မှာ ရုန်းကန်နေရပြီး အာဆင်နယ်မှာ ပြသခဲ့တဲ့ ခြေစွမ်းကို ပြန်လည်မရရှိသေးသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကမှ မစ်ခီတာရန်နဲ့ ကစားသမားအလဲအထပ်ပုံစံ ပြုလုပ်ပြီး ဆန်းချက်ဇ်ကို မန်ယူက ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။
Photo : Daily Mail
ဆန်းချက်ဇ်အနေနဲ့ ပီအက်စ်ဂျီကို ပြောင်းရွှေ့မယ်ဆိုပါက လစာလျှော့ယူရဖွယ်လည်း ရှိနေပါတယ်။ ဆန်းချက်ဇ် လက်ရှိရရှိနေတဲ့ ခံစားခွင့်အတိုင်း ပီအက်စ်ဂျီက ပေးချေဖို့ ဆန္ဒမရှိဘူးလို့လည်း သိရပါတယ်။ ဆန်းချက်ဇ်ကို အာဆင်နယ်မှာကတည်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တဲ့ အသင်းအနည်းငယ်ထဲမှာ ပီအက်စ်ဂျီ ပါဝင်ခဲ့ပေမယ့် မန်ယူက အရခေါ်ယူနိုင်ခဲ့ပါတယ်။
Photo : 90 min
မန်ချက်စတာယူနိုက်တက်အသင်းကို စရောက်ပြီးကတည်းက လက်ရှိအချိန်ထိ အသင်းအတွက် လိဂ်ဂိုး (၃)ဂိုးသာ ဆန်းချက်ဇ်က သွင်းယူပေးနိုင်ခဲ့ပြီး အခုနောက်ပိုင်းမှာ ပုံမှန်ကစားခွင့်ရဖို့တောင် ရုန်းကန်နေခဲ့ရပါတယ်။ ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် (၄)ပွဲ နဲ့ ချန်ပီယံလိဂ်ပွဲ တစ်ပွဲတို့ကိုသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပြီး ဂျူဗင်တပ်စ်နဲ့ပွဲမှာ ဆန်းချက်ဇ်ဟာ အရန်လူစာရင်းမှာတောင် ပါဝင်ခဲ့ခြင်းမရှိပါဘူး။
Photo : 90 min
ဆန်းချက်ဇ်ကတော့ မန်ယူကနေ ထွက်နိုင်သမျှ မြန်မြန်ဆန်ဆန် ထွက်ခွာချင်နေတယ်လို့ သိရပြီး ပြင်သစ်ကလပ်ရဲ့ ကမ်းလှမ်းမှုတွေကို မျှော်လင့်နေပြီ ဖြစ်ပါတယ်။ ကစားသမား နဲ့ ကလပ်အသင်းကြားမှာ လစာညှိနှိုင်းမှု အဆင်ပြေခဲ့မယ်ဆိုပါက ဆန်းချက်ဇ်ကို ပီအက်စ်ဂျီအသင်းမှာ မြင်တွေ့ရဖွယ် ရှိတယ်လို့လည်း Daily Mail က ဖော်ပြခဲ့ပါတယ်။