မန္တလေးတိုင်း ဒေသကြီးမှာ သီတင်းကျွတ်လပြည်နေ့မှာ မီးရှုး၊မီးပန်းနဲ့ ဗျောက်အိုးရောင်းချမှု ၁၈ မှု ဖမ်းမိခဲ့တယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၂၅ ရက်နေက လူမှုကွန်ရက် အင်တာနက်ကနေ သတင်းထုတ်ပြန်ပါတယ်။
သီတင်းကျွတ်လပြည့်နေ့ည မန္တလေးမြို့မြင်ကွင်း
မန္တလေးတိုင်းရှိ မြို့နယ် ၆ မြို့နယ်မှာ လပြည့်နေ့ အောက်တိုဘာ ၂၅ ရက်တစ်ရက်တည်းမှာတင် ၁၈ မှု ဖမ်းမိခဲ့ပြီး အမျိုးသား ၁၈ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ကို ဖမ်းမိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အောင်မြေသာစံမြို့နယ်မှာ ၈ မှု၊ ချမ်းအေးသာစံမြို့နယ်မှာ ၁ မှု၊ ချမ်းမြသာစည်မြို့နယ်မှာ ၄ မှု၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ၁ မှု၊ အမရပူရမြို့နယ်မှာ ၂ မှုနဲ့ ရမည်းသင်းမြို့နယ် ၂ မှု ဖမ်းမိခဲ့တာဖြစ်ပါတယ်။
သီတင်းကျွတ်ကာလမှာ ဗြောက်အိုးဖောက်တာ မီးရှူးဖောက်တာတွေလုပ်ရင် အရေးယူမယ် ဆိုပြီးတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အောက်တိုဘာ ၉ ရက်က ကြေညာထားပါတယ်။
မီးရှူးမီးပန်းလွှတ်တာ၊ဗြောက်အိုးဖောက်တာ၊ရှူးဒိုင်းတွေဖောက်တာကြောင့်အများပြည်သူ အထိတ်တလန့် ဖြစ်စေတာ၊ပြည်သူလူထုနဲ့ကလေးသူငယ်တို့ ထိခိုက်အနာတရဖြစ်စေနိုင်တဲ့အပြင် မသမာသူတွေနဲ့ အဖျက်အမှောင့်ဆောင်ရွက်လိုသူတွေကအခွင့်ကောင်းယူပြီး အကြမ်းဖက်တိုက်ခိုက်တာတွေ ဖြစ်ပွားနိုင်တာကြောင့် အခုလို ဆောင်ရွက်ရတာဖြစ်တယ်လို့ ကြေညာထားတာပါ။
ဒါ့အပြင် အောက်တိုဘာ ၂၄ ရက်နေ့ လပြည့်နေ့ည ၇ နာရီ ကျော်က မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်က မီးပုံပျံကျပြီး လာင်ရာကနေ ကျန်တဲ့အိမ် ၈ လုံးကိုပါ မီးကူးစက်လောင်ကျွမ်ခဲ့တယ်လို့သိရပါတယ်။