နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံထားရတဲ့ Eleven သတင်းသမားသုံးဦးကို အောက်တိုဘာ ၂၆ ရက်နေ့မှာ ကျပ်သိန်း ၁၀၀ နဲ့ အာမခံပေးလိုက်တယ်လို့ တာမွေမြို့နယ်တရားရုံးကနေ သိရပါတယ်။
Photo - PHA
ဒုတိယအကြိမ်မြောက်ရုံးချိန်းမှာ အခုလို အာမခံပေးလိုက်တာဖြစ်ပြီးတော့ သတင်းသမားတစ်ဦးကို ကျပ် သိန်း ၅၀ နှုန်းနဲ့ အာမခံပေးလိုက်တာဖြစ်ပြီး လာမယ့် နိုဝင်ဘာ ၉ ရက်နေ့မှာ ရုံးချိန်းချိန်းဆိုထားတာဖြစ်ပါတယ်။
“ကျွန်တော့်ဘက်ကတော့ ဒီလိုအာမခံပေးတာဝမ်းသာတာပေါ့။ သမ္မတရဲ့ ညွှန်ကြားလွှာအရ သတင်းမီဒီယာဥပဒေနဲ့ပဲ တရားစွဲရမှာပေါ့။ ညွှန်ကြားချက်အရ တိုင်းအစိုးရဘက်ကနေ ဒီနေ့မှာ အမှုရုပ်သိမ်းလွှာတင်ရမှာပေါ့။ ညွှန်ကြားစာမှာတော့ ရုပ်သိမ်းလွှာမပါဘူးလို့ တချို့ကပြောကြတယ်။ သမ္မတရဲ့ ညွှန်ကြားလွှာအရ ဒီနေ့မှာ ရုပ်သိမ်းလွှာ တင်ရမှာပါ” လို့ တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။
Eleven ကသတင်းသမားသုံးဦးကို အောက်တိုဘာ ၈ ရက်နေ့ထုတ် weekly eleven ဂျာနယ်မှာပါရှိတဲ့ ဆောင်းပါးနဲ့ ပါတ်သတ်ပြီး တိုင်းအစိုးရက အကြည်ညိုပျက်စေမှုနဲ့ အယ်ဒီတာချုပ်ဦးကျော်ဇောလင်းအပါအဝင် တာဝန်ခံအယ်ဒီတာနဲ့ သတင်းထောက်ချုပ်တို့ကို တရားလိုပြုလုပ်တိုင်ကြားထားတာဖြစ်ပါတယ်။
အဆိုပါ သတင်းသမားသုံးဦးက အောက်တိုဘာ ၁၀ ရက်နေ့မှာ အင်းစိန်အကျဉ်းထောင်မှာ ချုပ်နှောင်ခံထားရတာဖြစ်ပြီးတော့ နှစ်ပါတ်ကျော်ကြာမြင့်ပြီးနောက်မှာ အခုလို အာမခံနဲ့ လွတ်မြောက်လာတာဖြစ်ပါတယ်။