အမေရိကန်နိုင်ငံ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် ပစ်စ်ဘတ်မြို့ရှိ ဂျူးဘုရားကျောင်းမှာ သေနတ်သမားတစ်ဦးက ပစ်ခတ်မှုကြောင့် လူ ၁၁ ဦး သေဆုံးပြီး ရဲအရာရှိ လေးဦးအပါအဝင် ခြောက်ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
Photo: AP
စနေနေ့ (အောက်တိုဘာ ၂၇ ရက်) ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း သေနတ်သမားဟာ မုန်းတီးမှုကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေသအာဏာပိုင်တွေနဲ့ မီဒီယာတွေက ပြောပါတယ်။
Squirrel Hill ဒေသရှိ Tree of Life ဂျူးဘုရားကျောင်းမှာ ပစ်ခတ်ခဲ့တဲ့ သေနတ်သမားကို ဖမ်းဆီးရမိခဲ့ပြီး အသက် ၄၆ နှစ်အရွယ် ရောဘတ်ဘိုဝါစ် ဖြစ်တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။ ၎င်းက ဂျူဘုရားကျောင်းအတွင်း AR-15 ရိုင်ဖယ်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။
Photo: AP
သေနတ်သမားက ဘုရားကျောင်းအဆောက်အအုံအတွင်း လမ်းလျှောက်ဝင်ရောက်လာပြီးနောက် 'ဂျူးတွေအားလုံးသေရမယ်' လို့ အော်ဟစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်တွေကို ကိုးကားပြီး KDKA က ပြောခဲ့ပါတယ်။ ရဲတပ်ဖွဲ့နဲ့ သေနတ်သမားတို့ အပြန်အလှန် ပစ်ခတ်မှုလည်း ဖြစ်ပွားခဲ့ပြီး ရဲအရာရှိလေးဦး ဒဏ်ရာရခဲ့ပါတယ်။
Photo: AP
ပစ်ခတ်မှုအတွင်း ဒဏ်ရာရခဲ့သူအချို့ကို ပစ်စ်ဘတ်တက္ကသိုလ်ဆေးရုံမှာ ကုသပေးနေကြောင်းလည်း အဆိုပါဆေးရုံက ပြောပါတယ်။ ဂျူးဘုရားကျောင်းမှာ ဝတ်ပြုဆုတောင်းမှု ပြုလုပ်နေစဉ်အတွင်း မနက် ၉ နာရီ ၄၅ မိနစ်မှစပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
Photo: Reuters
ရဲတပ်ဖွဲ့က ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဂျူးဘုရားကျောင်းအတွင်း ရှာဖွေစစ်ဆေးနေပြီး အနီးပတ်ဝန်းကျင်ရှိ ဒေသခံတွေကို နေအိမ်အပြင်မထွက်ကြရန် ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
အမေရိကန်မှာ ယခုရက်ပိုင်းအတွင်းကလည်း သမ္မတဒေါ်နယ်ထရန့်ကို ဝေဖန်ခဲ့ဖူးတဲ့ ထင်ရှားသူတွေထံ ပါဆယ်ဗုံး ၁၃ လုံး ပေးပို့မှုဖြစ်ပွားခဲ့သေးပြီး အဓိက သံသယရှိသူကို ဖမ်းဆီးရမိကာ စွဲချက်တင်ထားကြောင်း သိရပါတယ်။
Source: AP, Reuters, BBC