မနေ့ညက ကစားခဲ့တဲ့ လက်စတာအသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ ပွဲစဉ်အပြီးမှာ လက်စတာအသင်းပိုင်ရှင် ဗီချိုင်း စီးနင်းလိုက်ပါနေကျဟယ်လီကော်ပတာ လက်စတာအသင်းရဲ့ အိမ်ကွင်း King Power အနီးမှာ ပျက်ကျခဲ့ပါတယ်။ ထိခိုက်မှုတွေကို အတိအကျမသိရသေးပေမယ့် သတင်းတချို့ရဲ့ ဖော်ပြချက်အရ ဒီ ပျက်ကျမှုမှာ ပိုင်းလော့အပါအဝင် ဗီချိုင်းနဲ့ လက်စတာ အားကစားဒါရိုက်တာပါ အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
Photo : BBC
လက်စတာ နဲ့ ဝက်စ်ဟမ်းတို့ တစ်ဖက်ကို တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီး တစ်နာရီခန့်အကြာမှာ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ ဖြစ်ပွားမှုပြီးပြီးချင်းမှာ မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်အရ လက်စတာဂိုးသမား ကက်စပါရှမိုက်ကယ်က အရင်ဆုံးပြေးထွက်လာခဲ့ပြီး အဲဒီနောက်မှာ လုံခြုံရေးတွေလည်း လိုက်ပါလာခဲ့တယ်လို့ သိရပါတယ်။
Photo : BBC
အလွတ်တန်းဓာတ်ပုံသမားတစ်ဦးဖြစ်သူကလည်း ဒီ ဟယ်လီကော်ပတာ အပြာရောင်ကို ပျက်မကျခင်မှာ မြင်တွေ့လိုက်ရတယ်လို့ ပြောဆိုခဲ့ပြီး ဟယ်လီကော်ပတာဟာ ဘာအသံမှမကြားရပဲ ပျံသန်းနေခဲ့လို့ အင်ဂျင်ချို့ယွင်းနေတာ ဖြစ်မယ်လို့ သူက ခန့်မှန်းခဲ့ပါတယ်။ ဟယ်လီကော်ပတာဟာ လေထဲမှာ ထိန်းသိမ်းမရဖြစ်နေတယ်လို့လည်း သူက ပြောဆိုပါတယ်။
Photo : BBC
BBC ကတော့ ဒီ ဟယ်လီကော်ပတာ ပျက်ကျမှုမှာ ဗီချိုင်း ပါဝင်လား၊ မပါဝင်လား မသိရသေးဘူးလို့ ပြောဆိုခဲ့ပေမယ့် သတင်းအများစု ကတော့ ဗီချိုင်းပါဝင်ခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။ ထိုင်းလူမျိုးသူဌေး ဗီချိုင်းဟာ လက်စတာအသင်းကို ဝယ်ယူခဲ့တာ သိပ်မကြာသေးပဲ သူ့လက်ထက်မှာ အသင်းဟာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ဖလားကို ပိုင်ဆိုင်ခဲ့ပါတယ်။
Photo : BBC
လက်စတာရှိုင်းယားရဲတပ်ဖွဲ့ကလည်း ဟယ်လီကော်ပတာ ပျက်ကျမှုကို အတည်ပြုခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဗီချိုင်းလက်ထက်မှာ တိုးတက်မှုတွေ ပြသလာတဲ့ လက်စတာအသင်းအတွက်တော့ အသင်းပိုင်ရှင်သာ သေဆုံးမှုမှာ ပါဝင်ခဲ့မယ်ဆိုရင် ကြီးမားတဲ့ နစ်နာဆုံးရှုံးမှု ဖြစ်ပြီး ဝမ်းနည်းကြေကွဲဖွယ်ရာလည်း ဖြစ်လာတော့မှာပါ။
ဗီချိုင်းဟာ သားသမီးလေးဦးရဲ့ ဖခင်ဖြစ်ပြီး Goal.com ကတော့ ဒိဖြစ်ရပ်မှာ သူ့ရဲ့ မိသားစုဝင်တွေ ပါဝင်ခြင်း ရှိမရှိ မသေချာဘူးလို့ ရေးသားခဲ့ပါတယ်။ ၂၀၁၀ မှာ လက်စတာကို ဝယ်ယူခဲ့တဲ့ ဗီချိုင်းဟာ အသင်းပိုင်ရှင်အဖြစ် (၈)နှစ်ကြာ တာဝန်ယူခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေဟာ အခင်းဖြစ်ပွားရာနေရာမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး မကြာခင်မှာ တရားဝင်သတင်းထုတ်ပြန်ကြေငြာမယ်လို့ မျှော်လင့်ရပါတယ်။