ယနေ့ည ၉ နာရီ ၄၅ မိနစ်မှာ ရီးရဲမက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ ဘာစီလိုနာအသင်းရဲ့အိမ်ကွင်း နူးကမ့်မှာ အယ်လ်ကလက်စီကိုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းနဲ့ ရီးရဲမက်ဒရစ်အသင်းတို့ဟာ အယ်လ်ကလကစီကိုပွဲစဉ်အတွက် ပဏာမလူစာရင်းကို ယမန်နေ့ညက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ယနေ့ညပွဲစဉ်ဟာ ရီးရဲမက်ဒရစ်အသင်းရဲ့နည်းပြ လော့ပတယ်ဂီအတွက် နည်းပြရာထူးအတွက် အဆုံးအဖြတ်ပေးမယ့်ပွဲစဉ်ဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းဟာ နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာအနိုင်ရရှိထားတာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ လာလီဂါပြိုင်ဘက် ရီးရဲမက်ဒရစ်အသင်းကို ၄ မှတ်အသာနဲ့ အမှတ်ပေးဇယားအဆင့်် ၂ နေရာမှာ ရပ်တည်နေပြီး ရီးရဲမက်ဒရစ်အသင်းကတော့ အဆင့် ၈ နေရာမှာသာ ရပ်တည်နေတာဖြစ်ပါတယ်။
ရီးရဲမက်ဒရစ်အသင်းထုတ်ပြန်ခဲ့တဲ့ ပဏာမလူစာရင်းမှာ ရာသီတော်တော်များများကို အရန်လူစာရင်းမှာ ကုန်ဆုံးခဲ့ရတဲ့ ဗင်နစ်ရှပ်ဂျူနီယာ ပါဝင်လာခဲ့ပြီး အသင်းရဲ့အားထားရတဲ့ ညာနောက်ခံကစားသမား ကာဗာဂျယ်ကတော့ နောက်ထပ်တစ်ကြိမ်ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ပါဝင်လာခဲ့ခြင်းမရှိတာကို တွေ့ရပါတယ်။
ဘာစီလိုနာအသင်း ထုတ်ပြန်ခဲ့တဲ့ ပဏာမလူစာရင်းမှာတော့ ကြယ်ပွင့်တိုက်စစ်မှူး မက်ဆီ၊ အမ်တီတီနဲ့ ဗာမယ်လန်တို့ ဒဏ်ရာကြောင့် ပါဝင်လာခဲ့ခြင်းမရှိဘဲ ကျန်အဓိကကစားသမားအားလုံး ပါဝင်လာတာကို တွေ့ရပါတယ်။ ယနေ့ညယှဉ်ပြိုင်ကစားမယ့် အယ်လ်ကလက်စီကိုပွဲစဉ်ဟာ ၁၁ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ် မက်ဆီနဲ့ ရော်နယ်ဒိုတို့မပါဝင်ဘဲ ကစားမယ့်ပွဲစဉ်ဖြစ်ပြီး ယခင်နှစ်တွေတုန်းကအတိုင်း ကမ္ဘာတလွှားက ပရိသတ်တွေကို ရသအပြည့်ပေးစွမ်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။