ဘိုလ်ဆွန်နာရိုက အဂတိလိုက်စားမှု ပပျောက်ရေးနဲ့ ရာဇဝတ်မှုဖြစ်ပွားနှုန်း လျော့ကျစေမယ်လို့ ကြွေးကြော်ထားပါတယ်။

ဘရာဇီးနိုင်ငံ သမ္မတရွေးကောက်ပွဲမှာ လက်ယာစွန်းဝါဒီ ကိုယ်စားလှယ်လောင်း ဂျာရေး ဘိုလ်ဆွန်နာရိုက အနိုင်ရရှိကြောင်း သိရပါတယ်။ သမ္မတရွေးကောက်ပွဲ မဲအရေအတွက် ၉၅ ရာခိုင်နှုန်းနီပါးကို ရေတွက်ပြီးစီးချိန်မှာ ဘိုလ်ဆွန်နာရိုက ထောက်ခံမဲ ၅၆ ရာခိုင်နှုန်း ရရှိထားပြီဖြစ်ပါတယ်။

ဘရာဇီးသမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့သည့် ဘိုလ်ဆွန်နာရို (Photo: Xinhua)





၎င်းရဲ့ပြိုင်ဘက်ဖြစ်သူ လက်ဝဲစွန်းဝါဒီ အလုပ်သမားပါတီမှ ကိုယ်စားလှယ်လောင်း ဖာနန်ဒို ဟက်ဒက်က ၄၄ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။ ဘရာဇီးသမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဘိုလ်ဆွန်နာရိုက အဂတိလိုက်စားမှု ပပျောက်ရေးနဲ့ ရာဇဝတ်မှုဖြစ်ပွားနှုန်း လျော့ကျစေရန် လုပ်ဆောင်သွားမယ်လို့ မဲဆွယ်စည်းရုံးခဲ့သူလည်း ဖြစ်ပါတယ်။

အလုပ်သမားပါတီမှ ဖာနန်ဒို ဟက်ဒက် (Photo: Bloomberg)



ယခု ရွေးကောက်ပွဲရလဒ်က ဘရာဇီးမှာ လက်ယာစွန်းဝါဒီ အားကောင်းလာကြောင်း ထင်ဟပ်စေခဲ့တယ်လို့ သုံးသပ်ကြပါတယ်။ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဘိုလ်ဆွန်နာရိုဟာ စစ်ဘက်ဆိုင်အရာ အရာရှိဟောင်းတွေနဲ့ နီးစပ်နေသူဖြစ်ပြီး ၎င်းဟာ ဘရာဇီးရဲ့ ဒီမိုကရေစီအတွက် အန္တရာယ်ရှိစေတယ်လို့လည်း အတိုက်အခံတွေက ပြောဆိုကြပါတယ်။

ဘိုလ်ဆွန်နာရိုကို ထောက်ခံသူများ အောင်ပွဲခံကြစဉ် (Photo: Victor Moriyama/Getty Images)



ဘိုလ်ဆွန်နာရိုဟာ လိင်တူဆက်ဆံသူတွေကို မုန်းတီးမှု၊ လူမျိုးရေးခွဲခြားမှုနဲ့ မိန်းမတွေကိုမုန်းတီးမှု မှတ်ချက်စကားတွေ ပြောဆိုမှုအပေါ် ဘရာဇီးပြည်သူအများအပြားက မနှစ်သက်ကြဘူးလို့ ဆိုပါတယ်။ သို့သော်လည်း ၎င်းကို ထောက်ခံသူတွေကတော့ ဘိုလ်ဆွန်နာရိုကို ကယ်တင်ရှင်တစ်ဦးအဖြစ် ရှုမြင်ကြပါတယ်။

ဘိုလ်ဆွန်နာရိုကို ထောက်ခံသူများ အောင်ပွဲခံကြစဉ် (Photo: Silvia Izquierdo/AP)



ဘိုလ်ဆွန်နာရိုက ဘရာဇီးနိုင်ငံကို ပိုမိုလုံခြုံစေရန်နဲ့ ရိုးရာဓလေ့တွေကို ကာကွယ်ထိန်းသိမ်းရန် လုပ်ဆောင်သွားမယ်လို့ ၎င်းကိုထောက်ခံသူတွေက မျှော်လင့်ထားပါတယ်။

တနင်္ဂနွေနေ့ (အောက်တိုဘာ ၂၈ ရက်) က ပြုလုပ်ခဲ့တဲ့ ဒုတိယအကျော့ သမ္မတရွေးကောက်ပွဲမှာ ဘိုလ်ဆွန်နာရိုကို မဲပေးခဲ့သူအချို့တော့ ဘရာဇီးမှာ လက်ဝဲဝါဒီ အလုပ်သမားပါတီကို အာဏာပြန်မရစေလိုတာကြောင့် ဖြစ်တယ်လို့ ပြောဆိုကြကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က