နေပြည်တော်မှာ အသက် ၄၇ နှစ်အရွယ်အမျိုးသမီးတစ်ဦးကို မီးရှို့ပြီး သတ်ဖြတ်ခံရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကနေ အောက်တိုဘာ ၂၉ ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။
အောက်တိုဘာ ၂၈ ရက်နေ့က ဥတ္တရသီရိမြို့နယ်ကျွန်းချောင်း ၂ လမ်း၊ အိမ်အမှတ် ၂၀၄၂ မှာနေထိုင်တဲ့ ဒေါ်ခင်ထွေးဝင်းသန်း (ခေါ်) မီးငယ် အသက် ၄၇ နှစ်က နေအိမ်မှာမီးလောင်သေဆုံးနေတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
သေဆုံးသူက အိမ်ခန်းတွင်းမှာရှိတဲ့ ရေချိုးခန်းမှာ မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကိုတွေ့ရှိခဲ့တာကြောင့် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဖြစ်စဉ်နဲ့ပါတ်သတ်ပြီးတော့ နေပြည်တော်ရဲတပ်ဖွဲ့မှုးနဲ့ တပ်ဖွဲ့ဝင်တွေကနေ မှုခင်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းစစ်ဆေးနေတာဖြစ်ပြီး သေဆုံးသူ စီးနင်းနေတဲ့ ယာဉ်နဲ့ I-Phone တစ်လုံးကလည်းပျောက်ဆုံးနေတာဖြစ်တယ်လို့ ဆိုပါတယ်။
အမှုဖြစ်စဉ်နဲ့ပါတ်သတ်ပြီးတော့ ဘုရားကုန်းမြို့မရဲစခန်းကနေ (ပ)၆၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ လူသတ်မှုနဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။