လူဇွန်ကျွန်းမကြီးကို ဖြတ်သန်းတိုက်ခတ်မယ်လို့ ဖိလစ်ပိုင်မိုးလေဝသဌာနက သတင်းထုတ်ပြန်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း သတိပေးချက်အဆင့်ကို တိုးမြှင့်ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။ လူဇွန်ကျွန်းရှိ နေရာဒေသကိုခုမှာ တိုင်ဖွန်းမုန်တိုင်းအန္တရာယ်ရှိကြောင်းနဲ့ တောင်တန်းဒေသတွေမှာ မြေပြိုမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း ဖိလစ်ပိုင်အဏာပိုင်တွေက ယနေ့ (အောက်တိုဘာ ၂၉ ရက်) သတိပေးချက် ထုတ်ပြန်ပါတယ်။

Map: The Weather Channel





ဖိလစ်ပိုင်ကိုဦးတည်နေတဲ့ တိုင်ဖွန်းယူတူကြောင့် မုန်တိုင်းဒီရေမြင့်တက်မှု၊ လေပြင်းတိုက်မှုနဲ့ မိုးသည်းထန်စွာရွာသွန်းရာမှာ ရေကြီးမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း သက်ဆိုင်ရာဌာနက ပြောထားပါတယ်။

တိုင်ဖွန်းယူတူ (Typhoon Yutu) ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက အမေရိကန် Northern Mariana ကျွန်းစုကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် အောက်တိုဘာ ၃၀ ရက်မှာ ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်းမကြီးကို ဖြတ်သန်းတိုက်ခတ်မယ်လို့ ဖိလစ်ပိုင်မိုးလေဝသဌာန PAGASA က သတင်းထုတ်ပြန်ပါတယ်။

တိုင်ဖွန်းယူတူ Northern Mariana ကျွန်းစုမှာ တိုက်ခတ်အပြီးမြင်ကွင်းတစ်ခု (Photo: Courtesy of Mike Babauta)



တိုင်ဖွန်းယူတူဟာ ယနေ့မှာ ပြင်းအားအဆင့် ၃ (category 3) မုန်တိုင်းဖြစ်လာခဲ့ပြီး လေတိုက်နှုန်း တစ်နာရီလျှင် ၁၀၅ မိုင်မှ ၁၃၀ မိုင်အထိဖြင့် တိုက်ခတ်နေကြောင်း သိရပါတယ်။

အဆိုပါ မုန်တိုင်းဟာ လွန်ခဲ့တဲ့လေးရက်မှာ စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ် အမေရိကန် အနောက်ပစိဖိတ်ကျွန်းဆွယ်ရှိ လူဦးရေ ၅၂,၀၀၀ နေထိုင်ကြတဲ့ Northern Mariana ကျွန်းစုတစ်လျှောက် ဖြတ်သန်းတိုက်ခတ်ခဲ့ရာ နေအိမ်အမိုးများလန်ထွက်မှု၊ မော်တော်ယာဉ်များတိမ်းမှောက်မှု၊ ရေနဲ့လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

တိုင်ဖွန်းယူတူ Northern Mariana ကျွန်းစုမှာ တိုက်ခတ်အပြီးမြင်ကွင်း (Photo: @ToatoaTasi/Twitter)



ယခုအခါ အဆိုပါမုန်တိုင်းဟာ စူပါတိုင်ဖွန်းအဆင့်မှ အားလျော့သွားခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်းကို ဦးတည်နေပါတယ်။ လူဇွန်ကျွန်းမြောက်ပိုင်းရှိ နေရာဒေသကိုးခုမှာ မုန်တိုင်းအန္တရာယ်သတိပေးချက်ကို အဆင့် ၂ အဖြစ် ယနေ့ တိုးမြှင့်သတ်မှတ်ကာ ထုတ်ပြန်ခဲ့ပါတယ်။

မုန်တိုင်းအန္တရာယ်သတိပေးချက် အဆင့် ၅ ခုရှိရာမှာ အစောပိုင်းက အဆင့် ၁ အဖြစ်သာ သတ်မှတ် ထုတ်ပြန်ထားခဲ့တာလည်း ဖြစ်ပါတယ်။ တိုင်ဖွန်းမုန်တိုင်း သတိပေးချက်ထုတ်ပြန်ထားတဲ့ လူဇွန်ကျွန်းရှိ နေရာဒေသတွေမှာ ယနေ့နှောင်းပိုင်းအချိန် လေပြင်းတိုက်မှုနဲ့ မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း သိရပါတယ်။

တိုင်ဖွန်းယူတူ Northern Mariana ကျွန်းစုမှာ တိုက်ခတ်အပြီးမြင်ကွင်း (Photo: Time)



လူဇွန်ကျွန်းရှိ တောင်တန်းဒေသတွေမှာလည်း မြေပြိုမှုအန္တရာယ် သတိပေးချက်ထုတ်ပြန်ထားပါတယ်။ ဖိလစ်ပိုင်ဒေသအခေါ် ရိုစီတာ (Rosita) လို့ ခေါ်ဝေါ်ကြတဲ့ တိုင်ဖွန်းယူတူဟာ ယခုနှစ်အတွင်း ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်တဲ့ ၁၈ ခုမြောက် မုန်တိုင်းဖြစ်လာကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

လူဇွန်းကျွန်းမှာ မြေပြိုမှုနဲ့ လူဦးရေဒါဇင်နဲ့ချီ သေဆုံးမှုတွေဖြစ်ခဲ့ပြီး ကောက်ပဲသီးနှံ အမေရိကန်ဒေါ်လာ သန်း ၁၈၀ တန်ဖိုးခန့် ပျက်စီးဆုံးရှုံးမှုဖြစ်ခဲ့တဲ့ စူပါတိုင်ဖွန်းမန်ဂွတ် (Super Typhoon Mangkhut) တိုက်ခတ်ခဲ့ပြီးနောက် သီတင်းခြောက်ပတ်အကြာမှာ တိုင်ဖွန်းယူတူ ဖြတ်သန်းတိုက်ခတ်မှာ ဖြစ်ပါတယ်။

တိုင်ဖွန်းယူတူ Northern Mariana မှာ တိုက်ခတ်အပြီးမြင်ကွင်း (Photo: Reuters)



တိုင်းဖွန်းမုန်တိုင်းအန္တရာယ်ကြောင့် နေရာဒေသငါးခုထက်မနည်းမှာ ကျောင်းများပိတ်ထားပြီး လူဇွန်ကျွန်းနဲ့ အရှေ့ဘက်ပင်လယ်ကမ်းရိုးတန်းမှာ ငါးဖမ်းမထွက်ကြရန် အာဏာပိုင်တွေက အကြံပြုထားပါတယ်။

ဖိလစ်ပိုင်မြို့တော် မနီလာမြို့တောင်ဘက် ၅၂ မိုင်အကွာရှိ Batangas မြို့မှာ ရေယာဉ်သွားလာမှုအားလုံးကို ယနေ့ ရပ်ဆိုင်းထားကြောင်းလည်း သိရပါတယ်။ ဖိလစ်ပိုင်မှာ နိုင်ငံလူဦးရေ ၁၀၅ သန်းရဲ့ ထက်ဝက်ခန့်ဟာ လူဇွန်ကျွန်းနယ်မြေအတွင်း နေထိုင်ကြပါတယ်။ ဖိလစ်ပိုင်ကို တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် တိုင်ဖွန်းမုန်တိုင်း အရေအတွက် ၂၀ ဝင်ရောက်တိုက်ခတ်လေ့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က