ဖုယွင်အထည်ချုပ်စက်ရုံက ဆန္ဒပြအလုပ်သမားတွေက ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဖို့အတွက် တိုင်းအစိုးရရုံးရှေ့ကို အောက်တိုဘာ ၂၉ ရက်နေ့ နေ့လယ်ပိုင်းမှာရောက်ရှိနေပါတယ်။
ဝန်ကြီးချုပ်ကိုတွေ့ဖို့စောင့်ဆိုင်းနေတာဖြစ်ပြီးတော့ တိုင်းအစိုးရက ပြောဆိုထားတဲ့အတိုင်းမဖြေရှင်းပေးတာကြောင့်အခုလိုလာရောက်စောင့်ဆိုင်းနေတာဖြစ်တယ်လို့ သပိတ်စခန်းက တာဝန်ရှိသူတွေက ပြောပါတယ်။
“ ညီမတို့သပိတ်စခန်းကို အကြမ်းဖက်ခံရတယ်။တိုင်းအစိုးရအနေနဲ့ အရေးယူပေးမယ်ပြောပြီး ဒီနေ့ရက် ၇၀ ပြည့်တဲ့အထိ ဘာမှမလုပ်ပေးတဲ့အတွက် ညီမတို့ဒီလို ထိပ်တိုက်လာရောက်တွေ့ဆုံတာဖြစ်ပါတယ်။ အစိုးရအနေနဲ့လုပ်ငန်းရှင်ကို ဘာကြောင့်အရေးမယူပေးရတာလဲသိချင်ပါတယ်။ဒီလိုအကြမ်းဖက်ခံရတာလည်း မဖြစ်သင့်ဘူး ” လိို့ ဖုယွင်အထည်ချုပ်အလုပ်သမားသဂ္ဂရဲ့ အလုပ်အမှုဆောင် မသဇင်နွယ်က ပြောပါတယ်။
အောက်တိုဘာ ၂၉ ရက်နေ့မနက်ပိုင်းကလည်း ဖုယွင်အထည်ချုပ်က ဆန္ဒပြအလုပ်သမားတွေက မနက်ပိုင်းမှာမဟာဗန္ဒုလပန်းခြံမှာ အကြမ်းဖက်ခံရမှုစာနာထောက်ထားပွဲနဲ့ အကြမ်းဖက်မှုဆန့်ကျင်ရေးအစည်းအဝေးလုပ်ခဲ့ပါတယ်။
ဝန်ကြီးချုပ်အနေနဲ့တွေ့ဆုံမှုမလုပ်ပေးမချင်း တိုင်းအစိုးရရှေ့မှာ သပိတ်စခန်းဖွင့်ဖို့ အထိရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
အလုပ်သမား ၁၃၀၀အနက် ၃၀ ဦးအလုပ်ထုတ်ခံရတာကြောင့် စက်ရုံရှေ့မှာ စက်တင်ဘာ ၃ ရက်နေ့တည်းက ဆန္ဒပြနေတာပါ။ဖုယွင်သပိတ်စခန်းကို အောက်တိုဘာ ၁၅ ရက်နေ့ကလူအယောက် ၅၀ လောက်ကအကြမ်းဖက်ဖြိုခွင်းခဲ့တာဖြစ်ပြီး လူ ၂၅ ယောက်လောက် ဆေးရုံကိုရောက်ရှိခဲ့တဲ့အထိဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။