မာကယ်လ်ဟာ ဂျာမန်အဓိပတိအဖြစ် ၂၀၀၅ ခုနှစ်မှာ စတင်တာဝန်ယူခဲ့ပါတယ်။

ဂျာမနီနိုင်ငံခေါင်းဆောင် အဓိပတိ အန်ဂျလာမာကယ်လ်က လာမယ့် ၂၀၂၁ ခုနှစ်မှာ ရာထူးမှ နုတ်ထွက်သွားမယ်လို့ ယနေ့ (အောက်တိုဘာ ၂၉ ရက်) အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံရေးအကျပ်အတည်း ဆက်တိုက်ဖြစ်ပေါ်ခဲ့မှုနဲ့ လတ်တလော ပြုလုပ်ခဲ့တဲ့ ပြည်နယ်ရွေးကောက်ပွဲမှာ သူမရဲ့ Christian Democrats (CDU) ပါတီကို ထောက်ခံမှုလျော့ကျခဲ့ပြီးနောက် ဂျာမန်အဓိပတိ မာကယ်လ်က ရာထူးမှ နုတ်ထွက်တော့မယ်လို့ ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။

ဂျာမန်အဓိပတိ မာကယ်လ် (Photo: AFP)



"ကျွန်မရဲ့ အခုရာထူးသက်တမ်းကုန်ဆုံးပြီးရင် နိုင်ငံရေးမလုပ်တော့ပါဘူး၊ ဒီနေ့ဟာ ကဏ္ဍသစ်ဖွင့်လှစ်ဖို့ စတင်ရမယ့် အချိန်ပါပဲ" လို့ မာကယ်လ်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ မာကယ်လ်ရဲ့ CDU ပါတီဟာ ယမန်နေ့ (အောက်တိုဘာ ၂၈ ရက်) က ပြုလုပ်ခဲ့တဲ့ Hesse ပြည်နယ်ရွေးကောက်ပွဲမှာ ယခင်ကလောက် ရလဒ်မကောင်းခဲ့ပါဘူး။

ယခု ရွေးကောက်ပွဲရလဒ်ဟာ မာကယ်လ်ရဲ့ ညွှန့်ပေါင်းအစိုးရမှာ ပါဝင်နေတဲ့ ပါတီတွေရဲ့စွမ်းဆောင်ရည် ကျဆင်းလာမှုကို ညွှန်ပြနေပါတယ်။ ဥရောပနိုင်ငံရေးနယ်ပယ်မှာ သြဇာလွှမ်းမိုးမှုရှိခဲ့တဲ့ ဂျာမန်အဓိပတိ မာကယ်လ်က CDU ပါတီခေါင်းဆောင်အဖြစ်မှလည်း လာမယ့် ရက်ပိုင်းအတွင်း နုတ်ထွက်သွားမယ်လို့ ဆိုပါတယ်။

Photo: Reuters



သူမဟာ CDU ခေါင်းဆောင်အဖြစ် ၂၀၀၀ ပြည့်နှစ်ကတည်းက တာဝန်ယူထားခဲ့သူ ဖြစ်ပါတယ်။ မာကယ်လ်က လတ်တလော ပြည်နယ်ရွေးကောက်ပွဲမှာ ယခင်ကလောက် ထောက်ခံမှုမရခဲ့မှုအတွက် အပြည့်အဝ တာဝန်ယူကြောင်းလည်း ပြောခဲ့ပါတယ်။

Hesse ပြည်နယ်ရွေးကောက်ပွဲမှာ မာကယ်လ်ရဲ့ ဗဟိုလက်ယာဝါဒီ CDU ပါတီနဲ့ မဟာမိတ်ပါတီတွေဖြစ်တဲ့ ဆိုရှယ်ဒီမိုကရက်တို့ဟာ ယခင် ရွေးကောက်ပွဲရလဒ်ထက် ထောက်ခံမဲ ၁၁ ရာခိုင်နှုန်းကျော် လျော့နည်းသွားခဲ့ပါတယ်။ သို့သော် CDU ပါတီက မဲအရေအတွက် ထိပ်ဆုံးမှ ဆက်လက်ဦးဆောင်ခဲ့ကာ ၎င်းနဲ့ညွန့်ပေါင်းပါတီတွေက အာဏာဆက်လက်ချုပ်ကိုင်ထားနိုင်ဆဲ ဖြစ်ပါတယ်။

မာကယ်လ်နှင့် Hesse ပြည်နယ်ဝန်ကြီးချုပ် ဗိုလ်ကာ ဘော့ဖ်ဖီယာ (Photo: Reuters)



အသက် ၆၄ နှစ်အရွယ် မာကယ်လ်ဟာ ဂျာမန်အဓိပတိအဖြစ် ၂၀၀၅ ခုနှစ်မှာ စတင်တာဝန်ယူခဲ့ပြီး လက်ရှိမှာ ၁၃ နှစ်ကြာပြီဖြစ်ပါတယ်။ သူမဟာ ဥရောပနဲ့ ကမ္ဘာ့နိုင်ငံရေးမှာ သြဇာလွှမ်းမိုးမှုရှိတဲ့ အမျိုးသမီးတစ်ဦးအဖြစ်လည်း ထင်ရှားပါတယ်။ မာကယ်လ်ရဲ့ ဂျမန်အဓိပတိ ရာထူးသက်တမ်းဟာ လာမယ့် ၂၀၂၁ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

Source: AFP, Reuters

Share

Loading Next Article...
က္က