နေပြည်တော်မှာ အသက် ၄၇ နှစ်အရွယ်အမျိုးသမီးတစ်ဦးကို မီးရှို့ပြီး သတ်ဖြတ်ခံရတယ်မှုနဲ့ပတ်သက်ပြီး တရားခံကို ဖမ်းမိလို့ စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းရဲစခန်းက တာဝန်ရှိရဲအရာရှိက Duwun ကို အောက်တိုဘာ ၃၀ ရက်နေ့က ပြောပါတယ်။
"မနက်ကဖမ်းမိတာပါ။ နေပြည်တော် တိုင်းရုံးကနေ တိုက်ရိုက်ဖမ်းပြီး လာပို့တာ နေ့လည် ၁၁ နာရီခွဲလောက်ကစပြီး ဘုရားကုန်စခန်းမှာပဲ စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ အသေးစိတ်ကိုတော့ ပြောလို့မရသေးပါဘူး။"လို့ သူက Duwun ကို ဆက်ပြောပါတယ်။
အောက်တိုဘာ ၂၈ ရက်နေ့က ဥတ္တရသီရိမြို့နယ်ကျွန်းချောင်း ၂ လမ်း၊ အိမ်အမှတ် ၂၀၄၂ မှာနေထိုင်တဲ့ ဒေါ်ခင်ထွေးဝင်းသန်း (ခေါ်) မီးငယ် အသက် ၄၇ နှစ်က နေအိမ်မှာမီးလောင်သေဆုံးနေတာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
သေဆုံးသူက အိမ်ခန်းတွင်းမှာရှိတဲ့ ရေချိုးခန်းမှာ မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကိုတွေ့ရှိခဲ့တာကြောင့် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဖြစ်စဉ်နဲ့ပါတ်သတ်ပြီးတော့ နေပြည်တော်ရဲတပ်ဖွဲ့မှုးနဲ့ တပ်ဖွဲ့ဝင်တွေကနေ မှုခင်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းစစ်ဆေးနေတာဖြစ်ပြီး သေဆုံးသူ စီးနင်းနေတဲ့ မော်တော်ယာဉ်နဲ့ I-Phone တစ်လုံးကလည်းပျောက်ဆုံးနေတာဖြစ်တယ်လို့ ဆိုပါတယ်။
အမှုဖြစ်စဉ်နဲ့ပါတ်သတ်ပြီးတော့ ဘုရားကုန်းမြို့မရဲစခန်းကနေ (ပ)၆၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ လူသတ်မှုနဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။