တောရိုင်းတိရိစ္ဆာန်ထွက်ပစ္စည်းတွေရောင်းဝယ်ဖောက်ကားတာကို ရပ်တန့်ဖို့အတွက် မဟာဗန္ဒုလပန်းခြံမှာ “ တောကောင်လေးတို့အတွက် ရင်တွင်းစကားသံပွဲတော် ” ကို လာမယ့် နိုဝင်ဘာ ၂ ရက်နေ့မှာကျင်းပသွားမှာဖြစ်တယ်လို့ အောက်တိုဘာ ၃၀ ရက်နေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။
“တောရိုင်းတိရစ္ဆာန်တွေရှားပါးလာတာကတော့ လူတွေကြောင့်အဓိကပါပါတယ်။နောက်ရာစုနှစ်တစ်ခုလောက်မှာ တောကောင်လေးတွေကိုမြင်ရပါ့မလားလို့ ကျွန်တော်စိုးရိမ်မိတယ်။ဒီပွဲမှာလည်း ကျွန်တော့်အနေနဲ့ ဖန်တီးမှုအနေနဲ့ ပါဝင်သွားမှာလည်းဖြစ်ပါတယ် ” လို့ Artist အာကာကျော်က ပြောပါတယ်။
အဲ့ဒီပွဲတော်က အစိုးရအဖွဲ့အစည်းတွေ၊ NGO တွေ၊ပူးပေါင်းပြီးတော့ လုပ်ဆောင်တာဖြစ်ပြီးတော့ ရန်ကုန်ကို အရှေ့တောင်အာရှဒေသအတွင်းမှာ တောရိုင်းတိရစ္ဆာန်တွေ၊တရားမဝင် ကုန်သွယ်မှုကင်းစင်တဲ့ပထမဆုံးမြို့တော်ဖြစ်လာစေဖို့ ရည်ရွယ်လုပ်ဆောင်တာလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံက ကျားတွေ၊ အာရှဆင်တွေနဲ့ ကမ္ဘာတစ်ဝှမ်းမှာ အများဆုံးကုန်သွယ်ခံနေရတဲ့မျိုးစိတ်တစ်ခုဖြစ်တဲ့ သင်းခွေချပ်တွေအပါဝင် ဇီဝမျိုးကွဲတွေပေါများတဲ့နိုင်ငံဖြစ်တာကြောင့် ဒီလို တားဆီးဖို့ လိုအပ်နေတဲ့ နိုင်ငံဖြစ်နေပါတယ်။
အဆိုပါ ပွဲမှာမြန်မာနိုင်ငံရဲ့ သဘာဝအမွေအနှစ်တွေကိုဖော်ကျူးတဲ့အနေနဲ့ ရွှေမျက်ပါးလွှာ ၂၇၆၀၀ ချပ်ကျော်နဲ့ ဖန်တီးထားတဲ့ ဆင်ရုပ်တစ်ရုပ်၊ သင်းခွေချပ်ရုပ်တစ်ရုပ်နဲ့ ကျားရုပ် စတဲ့ ရွှေရောင်အရုပ်သုံးရုပ်ကိုလည်း ပုံဖော်ပြသသွားမှာဖြစ်ပါတယ်။
တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းတွေ တရားမဝင်ရောင်းဝယ်နေမှုက မူးယစ်ဆေး၊ လက်နက်၊လူကုန်ကူးမှု စတဲ့ ရာဇဝတ်မှုတွေအပြီးမှာ စတုထ္ထမြောက် နိုင်ငံတကာရာဇဝတ်မှုဖြစ်ပြီး ဒီလှုပ်ရှားမှုကနေတစ်ဆင့် တစ်နိုင်ငံလုံးအတိုင်းအတာအထိ ပျံ့နှံ့ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
မနှစ်ကလည်း မိုမိုတို့ရဲ့စကားသံအမည်ရတဲ့ စက္ကူဆင်ရုပ်ကို ဖန်တီးခဲ့တာဖြစ်ပြီးတော့ ကမ္ဘာ့အကြီးဆုံးအတွင်းပိုင်းအထောက်အကူပါတဲ့ စက္ကူဆင်ရုပ်အဖြစ်နဲ့ ဂင်းနစ်စံချိန်ဝင်ခဲ့တာလည်းဖြစ်ပါတယ်။