MLM လုပ်ငန်းလုပ်ကိုင်သူတွေက သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောဆိုလိုက်တာပါ။

MLM ဆင့်ပွားဈေးကွက်စနစ်ကို ဥပဒေနည်းလမ်းအရ လုပ်ဆောင်နိုင်ဖို့ MLM ကုမ္ပဏီတွေပူးပေါင်းပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ညှိနှိုင်းမယ်လို့ အောက်တိုဘာ ၂၈ ရက်က ပြုလုပ်တဲ့ MLM စနစ်လုပ်ငန်းလုပ်ကိုင်သူတွေရဲ့ သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။

 

 

လက်ရှိမှာ MLM စနစ် ပြန်လည် လုပ်ကိုင်ဖို့  လိုက်နာရဖို့ အချက်တွေပါဝင်တဲ့ နည်းဥပဒေတစ်ခုထွက်လာဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ဥပဒေရေးရာတွေကိုတင်ပြဆွေးနွေးဖို့ အခုနှစ် ဒီဇင်ဘာလအတွင်းလုပ်ဆောင်မယ်လို့ Success More ကုမ္ပဏီမှ ဒါရိုက်တာ ဒေါ်နန်းခမ်းဝါလှကပြောပါတယ်။

“ ဥပဒေမထွက်ခင်ကြားမှာ နည်းဥပဒေနဲ့ ဘယ်အချက်တွေကို လိုက်နာရမယ်။ ဘယ်အချက်တွေကို မလုပ်ရဘူးဆိုတာတွေကို လိုက်နာပြီးတော့ လုပ်ခွင့်ရဖို့ အမတို့ MLM ကုမ္ပဏီတွေ အကုန်စုပေါင်းပြီးတော့ သက်ဆိုင်ရာ ကိုဖြစ်ချင်တာတွေတင်ပြဆွေးနွေးမယ်။ နိုင်ငံတော်က ချထားတဲ့ စည်းကမ်းဥပဒေအတိုင်း လုပ်ဆောင်ဖို့ရှိပါတယ်” လို့ ဒေါ်နန်းခမ်းဝါလှက ပြောပါတယ်။

MLM ဆင့်ပွားရောင်းချတဲ့စနစ်ကို အစိုးရက စက်တင်ဘာ ၁၈ ရက်နေ့က ပိတ်သိမ်းလိုက်ပြီးနောက် MLM ကုမ္ပဏီအများစုက တစ်ဆင့်တည်းရောင်းချတဲ့စနစ်ကို ကျင့်သုံးနေကြပြီး လက်ရှိမှာ MLM လုပ်ငန်းလုပ်ကိုင်တဲ့ ၁ ဒသမ ၈ သန်း လောက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးခဲ့ရတယ်လို့ အဆိုပါ သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။

 

 

ဒီသတင်းစာရှင်းလင်းပွဲမှာ MLM ကုမ္ပဏီတွေဖြစ်တဲ့ Sucessmore၊Unicity အစရှိတဲ့ ကုမ္ပဏီပေါင်း ၈ ခုလောက်တတ်ရောက်ခဲ့ပြီး အရောင်းကိုယ်စားလှယ် ၁၀၀၀ နီးပါးခန့် တတ်ရောက်ခဲ့ကြပါတယ်။

ဆင့်ပွားဈေးကွက် ဖြန့်ချီရေးလုပ်ငန်း Multi Level Marketing လုပ်ငန်းတွေကို ထောင်ဒဏ် ၃ နှစ်ချမှတ်နိုင်တဲ့ အရေးကြီး ကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေအရ အရေးယူနိုင်တဲ့ တားမြစ်ခြင်း အမိန့်ကြော်ငြာစာကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက  စက်တင်ဘာ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့ပြီးတဲ့နောက် အဆိုပါ MLM ကုမ္ပဏီအများစုက အဆိုပါစနစ်နဲ့ ရောင်းချခြင်းကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့ကြတာလည်းဖြစ်ပါတယ်။

MLM လို့ လူသိများတဲ့ ဆင့်ပွားကွန်ရက် ချိတ်ဆက်ရောင်းဝယ်တဲ့ စနစ်ဆိုတာ ကုမ္ပဏီတွေဆီကနေ ပစ္စည်းတွေဝယ်ယူရပြီး ဝယ်ယူသူတွကနေ နောက်ထပ် ဖောက်သည်တွေကို ဆင့်ပွားရောင်းချရတဲ့ စနစ်ဖြစ်ပြီးတော့ လုပ်ကိုင်သူမှာ နစ်နာမှုများတာကြောင့် ရေရှည်ရပ်တည်လို့မရတဲ့စီးပွားစနစ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပြောဆိုနေကြတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က