ရဲဘက်ပြေးမှာ ဘယ်ဘက်တင်ပါးမှာ သေနတ်ဒဏ်ရာ ၉ ချက် ရရှိခဲ့ပြီး အခြေအနေတော့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်

တွံတေးရဲစခန်းကနေ ထွက်ပြေးလာတဲ့ ရဲဘက်ပြေးတရားခံကို ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်ဖမ်းဆီးရာ ဓားနဲ့ ပြန်လည်ခုခံတာကြောင့် သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့မှု တောင်ဒဂုံမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က အောက်တိုဘာ ၃၀ ရက်က သတင်းထုတ်ပြန်ပါတယ်။



 

ဖြစ်စဉ်ကတော့ အောက်တိုဘာ ၃၀ မွန်းလွဲ ၃ နာရီကျော်အချိန်လောက်က တောင်ဒဂုံမြို့မရဲစခန်းတပ်ဖွဲ့ဝင်တွေက လှည်းကင်းဆောင်ရွက်နေစဉ် ၁၀၆ ရပ်ကွက်၊ မြဝတီမင်းကြီးလမ်းနဲ့ ဂရုဏာလမ်းထောင့်ရှိ လ္ဘက်ရည်ဆိုင်တစ်ဆိုင်မှာ ရဲဘက်ပြေးတစ်ဦးရောက်ရှိနေတဲ့သတင်းအရ သွားရောက်စုံစမ်းခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

သွားရောက်ရာ ရဲဘက်ပြေးက ရဲတွေကို တွေ့လို့ ဇေယျာမြိုင်လမ်းနဲ့ မြဝတီလမ်းကြားကို ထွက်ပြေးခဲ့တာကြောင့် လိုက်လံဖမ်းဆီးရာ အသင့်ပါလာတဲ့ အသွား ၇ လက်မ၊ အရိုး ၅ လက်မခန့်ရှိတဲ့ ဓားနဲ့ ရဲတွေကို ရန်ပြုခုခံခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် ရဲတပ်ဖွဲ့ဝင်တွေကလည်း ပါလာတဲ့ Pump Ation ပြောင်းချောသေနတ်နဲ့ အဆိုပါ တရားခံပြေးကို ၂ ချက်ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ရဲဘက်ပြေးမှာ ဘယ်ဘက်တင်ပါးမှာ သေနတ်ဒဏ်ရာ ၉ ချက် ရရှိခဲ့ပြီး အခြေအနေတော့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

ရဲဘက်ပြေးကို ဖမ်းဆီးလာခဲ့ပြီးနောက် စစ်ဆေးရာ တွံတေးရဲဘက်စခန်းမှ ထွက်ပြေးလာသူ စိုးကိုကိုဦး (ခ) ချစ်စု ဆိုသူ တောင်ဒဂုံမြို့နယ်မှာ နေထိုင်သူ လို့ သိရပြီး ရဲတွေကို ရန်ပြုတိုက်ခိုက်ခဲ့မှုကြောင့်လည်း ဥပဒေအရ အရေးယူမယ်လို့ တိုင်းရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က