တင်ဒါခေါ်ယူဆောင်ရွက်ရာတွင် ကုမ္ပဏီများထံမှ ငွေကြေးကောက်ခံတယ်လို့ဆိုပါတယ်။

မန္တလေးတိုင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်မြင့်ကျော်နဲ့ ဌာနခွဲစာရေး ဒေါ်သူဇာတို့ကိုအဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့အမှုဖွင့်လှစ်အရေးယူဆောက်ရွက်လိုက်တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အောက်တိုဘာ ၃၁ ရက်နေ့ ညနေပိုင်းက သတင်းထုတ်ပြန်ပါတယ်။



Photo - ACC Myanmar

 

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေနဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်လမ်းလုပ်ငန်းများ တင်ဒါခေါ်ယူဆောင်ရွက်ရာတွင် ကုမ္ပဏီများထံမှ ငွေကြေးကောက်ခံခြင်းနှင့် လာဘ်ငွေရယူခြင်းအပေါ် စစ်ဆေးတွေ့ရှိတာကြောင့် တိုင်းအစိုးရအနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကိုလွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ဘတ်ဂျက်နှင့် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဘတ်ဂျက်တို့မှ ကျေးလက်လမ်းလုပ်ငန်းများ တင်ဒါခေါ်ယူဆောင်ရွက်ရာတွင် လုပ်ငန်းပြီးစီးမှုအရ ၂၅% ကို လုပ်ငန်းတန်ဖိုးငွေအဖြစ် ခွဲဝေထုတ်ပေးရာ၌ မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ငွေထုတ်သူအရာရှိ တိုင်းဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မြင့်ကျော်နှင့် ဌာနခွဲစာရေး ဒေါ်သူဇာတို့သည် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုပြီး တင်ဒါအောင်မြင်တဲ့  ကုမ္ပဏီ(၆)ခုဆီက လုပ်ငန်းပြီးစီးမှုရာခိုင်နှုန်းအလိုက် ထုတ်ပေးရမည့် ငွေများထဲမှ ၃% ဖြစ်သည့် ငွေကျပ် (၁၀.၂၇၈) သန်း ကျော်အား “ရုံးစရိတ်/ငွေထုတ်စရိတ်“ ဟု အကြောင်းပြကာ ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးကို မမှန်မကန်ပိတ်ပင်၍ အကြိမ်ကြိမ်အပိုကြေးဖြတ်တောက် တောင်းခံရယူ အဂတိလိုက်စားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့်မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ငွေထုတ်သူအရာရှိ တိုင်းဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မြင့်ကျော် အပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ ဌာနခွဲစာရေး ဒေါ်သူဇာ အပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရလည်းကောင်း အရေးယူ ဆောင်ရွက်ရန် မန္တလေးတိုင်းဒေသကြီး၊ မြစ်ငယ်နယ်မြေရဲစခန်းတွင် အောက်တိုဘာ ၃၁ ရက်နေ့ကပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့သိရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က