ဒီဖုန်းကုမ္ပဏီအကြောင်း ကြားဖူးချင်မှ ကြားဖူးကြမှာပါ။ ဒါပေမယ့် ဒီမထင်ရှားတဲ့ ကုမ္ပဏီကပဲ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီ OEM တွေ မလုပ်နိုင်တာတစ်ခုကို တရားဝင်ချပြသွားပြီ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှ Royole Corporation ရဲ့ အကြောင်းကို FlexPai ဆိုတဲ့ တက်ဘလက်အရွယ်အစားနဲ့foldable ဖုန်းမထုတ်ခင်အထိ စမတ်ဖုန်းရေစီးကြောင်းမှာ မြှပ်ကောင်အဖြစ် ရှိနေခဲ့တာပါ။
FlexPai ထွက်လာချိန်မှာတော့ ကမ္ဘာ့ပထမဆုံး foldable screen ဖုန်းထုတ်နိုင်တဲ့ ကုမ္ပဏီအဖြစ် အားလုံးက အသိအမှတ်ပြုနေရပါတယ်။ Royole Corporation ဟာ display တွေ ထုတ်လုပ်နေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပြီး အောက်တိုဘာ ၃၁ ရက်နေ့က ဘေဂျင်းမှာ FlexPai စမတ်ဖုန်းကို တရားဝင် ချပြခဲ့တာပါ။
ဒီဇိုင်းပိုင်းမှာ FlexPai ဟာ သပ်ရပ်မှု နည်းပြီး ခေတ်ပေါ် ဖုန်ေးတွနဲ့စာရင် ဆွဲဆောင်မှုတော့ မရှိပါဘူး။ အလေးချိန်အားဖြင့်လည်း iPhone XS Max ၊ Galaxy Note 9 တို့ထက် ၅၀% ပိုလေးပြီး 320g စီးပါတယ်။ ဘေးဘောင်သား ခပ်ထူထူက display ဖြန့်ထားချိန်မှာ တက်ဘလက်တစ်ခုလို ဖြစ်နေပါတယ်။ ဒါပေမယ့် ဒီဖုန်းဟာ တကယ့်ကို အလုပ်လုပ်နိုင်တဲ့ foldable phone ဆိုတာ ငြင်းမရပါဘူး။
ထက်ဝက်ခေါက်ချိုးနိုင်ပြီး ကုမ္ပဏီကတော့ ဒီဖုန်းကို အဖွင့်အပိတ် အကြိမ်ရေ ၂ သိန်းကျော် အသုံးခံနိုင်တယ်လို့ဆိုပါတယ်။ ဆိုလိုတာက ဖုန်းကို နှစ်ပေါင်းများစွာကြာအောင် screen ခေါက်နိုင် သိမ်းနိုင်မယ့်သဘောပါ။ ပြဿနာတစ်ခုက FlexPai မှာ သုံးသွားမယ့် Android Version ကတော့ ထပ်ပြီး မွမ်းမံဖို့လိုပါတယ်။
FlexPai ကို စမ်းသုံးပြတဲ့ ဗွီဒီယိုတစ်ခုမှာတော့ ဖုန်းကို ခေါက်ပြီး လှည့်လိုက်တဲ့ အချိန်တွေမှာ display လုပ်ဆောင်ချက်က မမှန်ဘဲ ဂျမ်းဖြစ်သွားတာတွေ့နေရပါတယ်။ နောက်တစ်ခုက ဒီဖုန်းရဲ့ ဈေးနှုန်းက တော်ရုံလူ မဝယ်နိုင်လောက်အောင် မြောက်နေပါတယ်။
လာမယ့် ဒီဇင်ဘာလထဲမှာ ဖြန့်ချိသွားမယ့် ဒီဖုန်းကို အနည်းဆုံး ၈၉၉၉ ယွမ် (မြန်မာငွေ သိန်း ၂၀ ကျော်) ကနေ ၁၂၉၉၉ ယွမ် (မြန်မာငွေ သိန်း ၃၀ ) အထိ ရှိမယ်လို့ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် Samsung ၊ Huawei စတဲ့ ကမ္ဘာကျော် OEM တွေရဲ့ နှစ်ပေါင်းများစွာက စိတ်ကူးကို အသက် ၃၅ နှစ်အရွယ် လူရွယ်တစ်ယောက် တည်ထောင်ထားတဲ့ ကုမ္ပဏီတစ်ခုက အကောင်အထည်ဖော်သွားတာက ချီးကျူးစရာပါ။
Photo: SCMP
တစ်ချို့သတင်းတွေမှာတော့ သက်တမ်း ၆ နှစ်ပဲ ရှိသေးတဲ့ ဒီကုမ္ပဏီအနေနဲ့OLED panel စက်ရုံကို ပထမဆုံး တည်ထောင်ပြီး Samsung နဲ့LG တို့လို နာမည်ကြီး display ထုတ်လုပ်သူတွေကို ယှဉ်ပြိုင်ဖို့ကြိုးစားနေတယ်လို့ဖော်ပြထားပါတယ်။ ဒီပွဲမှာ ပြသွားတဲ့ ထုတ်ကုန်ဟာ Royole အတွက် ဈေးကွက်ကြေငြာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။
Share