မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာက အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၎င်းရဲ့အိမ်အဖြစ် ထာဝရရှိနေမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Photos: Metro
ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့လူငယ်အကယ်ဒမီကနေ ထွက်ပေါ်ခဲ့တဲ့ကစားသမားဖြစ်ပြီး အသက် ၁၈ နှစ်အရွယ်မှာ ပုံမှန်ပွဲထွက်ကစားခွင့်ရရှိဖို့အတွက် ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။
ဂျူဗင်တပ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ၂၀၁၅ ခုနှစ်မှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းနဲ့ ပြန်လည်ပြောင်းရွှေ့လာခဲ့တဲ့ပေါ့ဂ်ဘာဟာ ပွဲဦးထွက်ရာသီမှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပြီး အောင်မြင်တဲ့ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။
Photos: Metro
ဒါပေမယ့် နည်းပြမော်ရင်ဟိုနဲ့ ဆက်ဆံရေးမပြေမလည်ဖြစ်ခဲ့ပြီးနောက် ပေါ့ဂ်ဘာဟာ အသင်းကနေ ထွက်ခွာလိုတဲ့ဆန္ဒရှိနေတယ်လို့ ယုံကြည်ရပေမယ့် ပေါ့ဂ်ဘာက အနာဂတ်မှာ ဘာတွေပဲဖြစ်လာဖြစ်လာ အိုးထရက်ဖို့ဒ်က ၎င်းရဲ့အိမ်အဖြစ် ထာဝရရှိနေမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
"မန်ချက်စတာယူနိုက်တက်ကို ပြန်လာရတာက အိမ်ကို ပြန်လာရသလိုပါပဲ"
"ဒီနေရာက အမြဲတမ်း ကျွန်တော့်အိမ်ဖြစ်နေမှာဖြစ်ပြီး တသက်လုံးလည်း ဒီအတိုင်းပဲဖြစ်နေပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ့ဂ်ဘာဟာ ဘာစီလိုနာအသင်းနဲ့ အသင်းဟောင်း ဂျူဗင်တပ်အသင်းတို့ရဲ့ပစ်မှတ်ထားစောင့်ကြည့်ခြင်းခံနေရသူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းကတော့ ပေါ့ဂ်ဘာကို လွယ်လင့်တကူ လက်လျှော့မှာမဟုတ်ဘူးလို့ ယုံကြည်ရပါတယ်။