စနေနေ့ရဲ့ အစောဆုံးပွဲစဉ်အဖြစ် ဒီနေ့ည (၇)နာရီမှာ ဘုန်းမောက်အသင်း နဲ့ မန်ချက်စတာယူနိုက်တက်တို့ ကစားခဲ့ကြပါတယ်။ အမှတ်ပေးဇယား ရပ်တည်မှုမှာ အဆင့်သိပ်မကွာသလို ရမှတ်ကွာဟမှုလည်း နည်းပါးတဲ့အသင်းတွေဖြစ်တာမို့ အနိုင်ရတဲ့ အသင်းက အခွင့်အလေး ပိုကောင်းမယ့် ပွဲဖြစ်တာနဲ့အညီ အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ ပွဲက အသက်ဝင်ခဲ့ပါတယ်။
အိမ်ရှင်ဘုန်းမောက်မှာ တိုက်စစ်မှူးဝီလ်ဆင် ပါဝင်ခဲ့ပြီး ဖရန်စစ်၊ အကီ၊ ကွတ်ခ်၊ ဘရော့ခ်တို့နဲ့ လူစုံပါဝင်ခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ကတော့ အဓိကတိုက်စစ်မှူး လူကာကူကို ချန်လှပ်ထားခဲ့ပြီး တိုက်စစ်ပိုင်းမှာ ဆန်းချက်ဇ်၊ မာတာ၊ မာရှယ်တို့ကို ပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာတော့ ပေါ့ဂ်ဘာ၊ မာတစ်၊ ဖရက်ဒ်တို့နဲ့ လူစုံခဲ့ပြီး ဂိုးသမားအဖြစ် ဒီဂီယာ ရှိနေခဲ့ပါတယ်။
ဘုန်းမောက်က အိမ်ရှင်အသင်းပီပီ ပွဲစကတည်းက အိမ်ကွင်းမှာ မာမာထန်ထန်နဲ့ မန်ယူကို ကစားခဲ့လို့ မော်ရင်ဟိုရဲ့ မန်ယူအသင်း အခက်တွေ့ခဲ့ရပါတယ်။ အိမ်ကွင်းဆို အသင်းကြီးတွေကို ဒုက္ခပေးလေ့ရှိတဲ့ ခြေစွမ်းကိုလည်း ဒီနေ့မှာ ဘုန်းမောက်က ပြသနိုင်ခဲ့ပြီး မန်ယူနဲ့ သူတစ်ပြန်ကိုယ်တစ်ပြန် ကစားနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။
ဒါကြောင့်လည်း ပွဲကစားချိန် (၁၁)မိနစ်မှာ စတန်နီစ်လက်စ်ရဲ့ ပေးပို့မှုကနေ တိုက်စစ်မှူး ဝီလ်ဆင်က အဖွင့်ဂိုးကို ဧရိယာထဲကနေ အပိုင်ပိတ်သွင်းနိုင်ခဲ့ပါတယ်။ ဒီဂိုးဟာ မန်ယူနောက်ခံလူတွေ လူကျွံထောင်ချောက်ဖမ်းရာကနေ ရရှိသွားခဲ့တာဖြစ်ပြီး ဝီလ်ဆင်ဂိုးသွင်းချိန်မှာလည်း လူကျွံနေခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ဂိုးအဖြစ် ခွင့်ပြုခဲ့ပါတယ်။
ဂိုးပေးလိုက်ရပြီးနောက်မှာ မန်ယူတို့ တိုက်စစ်ကို ပြန်ဖွင့်ဆော့လာခဲ့ပြီး ချေပဂိုးရဖို့ အားထုတ်ခဲ့ပါတယ်။ ဒါပေမယ့် ဘုန်းမောက်ခံစစ်ပိုင်းက ကောင်းမွန်နေခဲ့သလို မန်ယူအသင်းကလည်း အပိုင်အခွင့်အရေးရရှိမှု နည်းပါးခဲ့လို့ ချေပဂိုးရဖို့ ကြန့်ကြာခဲ့ပါတယ်။ ပွဲကစားချိန် (၃၅)မိနစ်မှာတော့ ဆန်းချက်ဇ်ရဲ့ အားထုတ်မှုကနေ မာရှယ်က ချေပဂိုးကို ပြန်သွင်းနိုင်ခဲ့ပါတယ်။ ဒီဂိုးမှာလည်း ဆန်းချက်ဇ် ဘောလုံးရယူစဉ် လက်နဲ့ထိခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ပွဲကို ဆက်လက်ကစားစေခဲ့တာပါ။
ဒုတိယပိုင်းမှာ ပိုပြီးအနိုင်ရဖို့ လိုအပ်နေတဲ့ မန်ယူတို့ အားကုန်ထုတ် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ် အပိုင်အခွင့်အရေးတွေကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။ မာတာ၊ ဖရက်ဒ်တို့နေရာမှာ ရက်ဖို့ဒ် နဲ့ ဟာရဲရားတို့ လူစားဝင်လာပြီးနောက်ပိုင်း မန်ယူက ပိုမိုဖိအားပေးနိုင်ခဲ့ပါတယ်။ အက်ရှ်လေယန်းရဲ့ ဖရီးကစ် တိုင်ထိထွက်တာကို ရက်ဖို့ဒ်၊ ပေါ့ဂ်ဘာတို့ အပိုင်ကန်သွင်းခွင့်ရခဲ့ပေမယ့် လူထိထွက်ခဲ့လို့ မန်ယူတို့ နစ်နာခဲ့ရပါတယ်။
ဟာရဲရားရဲ့ အဝေးကန်ချက် (၂)ဂိုးလည်း မဝင်ခဲ့လို့ မန်ယူတို့ ဂိုးမရခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဘုန်းမောက်ကလည်း တန်ပြန်တိုက်စစ်တွေကနေ မန်ယူကို အကောင်းဆုံးဖိအားပေးပြီး ကစားသွားခဲ့လို့ ဘုန်းမောက် တိုက်စစ်ဆင်လာချိန်တိုင်းမှာ မန်ယူတို့ တော်တော်လေး ထိန်းယူခဲ့ရပါတယ်။ ပွဲချိန်နီးကပ်လာလေ မန်ယူက ပိုပြီးတော့ ဖိအားပေးကစားခဲ့လေဖြစ်ပါတယ်။ လင်ဂတ်ရဲ့ အပိုင်ကန်ချက်ကိုလည်း ဘီဂိုဗစ်က ကာကွယ်နိုင်ခဲ့ပါတယ်။
နာကျင်အချိန်ပို တစ်မိနစ်မှာတော့ ပေါ့ဂ်ဘာရဲ့ တစ်ကိုယ်တော်စွမ်းရည်နဲ့ ပေးပို့မှုကနေ ရက်ဖို့ဒ်က ဧရိယာထဲမှာ အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်ခဲ့လို့ မန်ယူအသင်း အဝေးကွင်းမှာ နိုင်ပွဲရရှိသွားခဲ့ပါတယ်။