ဒီနှစ်အတွက် Xiaomi ရဲ့ စမတ်ဖုန်းရောင်းအားမျှော်မှန်းချက်က သန်း ၁၀၀ ပါ။အခုတော့ ဒီစံချိန်ကို ၁၀ လတည်းနဲ့ကျော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
Xiaomi ရဲ့ နိုင်ငံတကာ စီးပွားရေးရာ အကြီးအကဲ ဝမ်ရှင်းမှ သူ့ရဲ့ Twitter မှာ အခုလို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာအထိ Xiaomi ရဲ့ တစ်လတာ ပျမ်းမျှ စမတ်ဖုန်းရောင်းအားဟာ အလုံးရေ ၁၀ သန်း ရှိခဲ့ပါတယ်။
အောက်တိုဘာ ၂၆ ရက်နေ့မှာတော့ Xiaomi ဟာ တစ်နှစ်တာအတွက် သန်း ၁၀၀ မြောက် စမတ်ဖုန်းရောင်းချမှုကို မှတ်တမ်းတင်ခဲ့ပါတယ်။ တရုတ်တရုတ်ပြည်တွင်းမှာလည်း Xiaomi ဟာ ကြီးထွားမှု အမြန်ဆုံး ကုမ္ပဏီ ဖြစ်နေပါတယ်။ ဒီနှုန်းထားအတိုင်းဆို Xiaomi အနေနဲ့နောက်ထပ် ၂ လ လွန်တာနဲ့စမတ်ဖုန်းအလုံးရေ သန်း ၁၂၀ ကနေ သန်း ၁၅၀ အထိ ရောင်းချပြီး ဖြစ်ဖို့ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ မှာ Xiaomi ဟာ စမတ်ဖုန်းအလုံးရေ သန်း ၉၀ ပဲ ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။ အများပိုင် ကုမ္ပဏီဖြစ်လာပြီးနောက် Xiaomi ရဲ့ ပထမဆုံး သုံးလပတ်အမြတ်ငွေဟာ ဒေါ်လာ ၂.၁ ဘီလျံရှိခဲ့ပါတယ်။ Xiaomi ရဲ့ ဝင်ငွေထဲက ၃၆% ဟာ နိုင်ငံတကာဈေးကွက်ကနေ ဝင်တာဖြစ်ပြီး တစ်စထက် တစ်စ ပြင်ပဈေးကွက်တွေကနေ ဝင်ငွေ စီးဆင်းမှုဟာ တက်လာနေတယ်လို့ဆိုပါတယ် ။
တန်ဖိုးသင့် mid-range ဖုန်းတွေထဲမှာ အကောင်းဆုံး brand တွေထဲက တစ်ခုအဖြစ် ညွှန်းကြတဲ့ Xiaomi ဟာ လက်ရှိမှာ ကမ္ဘာ့စတုတ္ထအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီကြီအဖြစ် ရပ်တည်နေပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာအရ စမတ်ဖုန်းကုမ္ပဏီများ ရောင်းအားကျဆင်းနေချိန်မှာ Xiaomi အနေနဲ့တစ်လကို ၁၀ သန်းနှုန်း ရောင်းချနိုင်တာကတော့ အံ့သြစရာပါ။
Photo: Tech Crunch
Xiaomi ရဲ့ ထူးခြားမှုတစ်ခုကတော့ ကုမ္ပဏီတည်ထောင်ပြီး ၅ နှစ်ပြည့်ချိန် ၂၀၁၅ မှာ Mi.com ကနေ ၂၄ နာရီအတွင်း စမတ်ဖုန်းအလုံးရေ ၂.၁ သန်းကျော် ရောင်းချနိုင်ခဲ့တာပါ။။ ဖုန်းရောင်းကောင်းလွန်းလို့ဂင်းနစ်စံချိန်တင်ခဲ့ဖူးတဲ့ Xiaomi အနေနဲ့နောက်နှစ်အတွက် ရောင်းအားစံချိန်က ဘယ်လောက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။