Huawei ကတော့ Mate series ကို မျက်နှာပြင်ပိုကြီးကြီးနဲ့တင်မဟုတ်ဘဲ ရည်မှန်းချက် အကြီးစားနဲ့ပါ ထုတ်လာတယ်လို့ပြောရမှာပါ။ ဒီအချက်ကို ဒီနှစ်ထွက် Huawei Mate 20 series များက သက်သေပြနေပါတယ်။
Huawei ဟာ အောက်တိုဘာ ၁၆ ရက်နေ့က Huawei Mate 20 ၊ Mate 20 Pro နဲ့အတူ ဂိမ်းဖုန်းဖြစ်တဲ့ Mate 20 X နဲ့luxury brand ဖြစ်တဲ့ Huawei Mate 20 RS တို့ကို မိတ်ဆက်ခဲ့တာပါ။
ပြည်တွင်းဈေးကွက်ထဲမှာ Huawei Mate 20 နဲ့Mate 20 Pro ဖုန်းသစ်တွေကို အောက်တိုဘာ ၃၁ ရက်နေ့က မိတ်ဆက်လိုက်ပြီ ဖြစ်လို့ဒီဖုန်းတွေက စမတ်ဖုန်းဈေးကွက်ထဲကို ဘယ်လိုထူးခြားမှုတွေနဲ့ဝင်လာသလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။
'
(၁) Design နဲ့Display
Photo: TecHLecToR
Mate 20 နဲ့Mate 20 Pro တို့ဟာ notch ဒီဇိုင်းနဲ့အရွယ်အစားကလွဲရင် အတော်လေး ဆင်ပါတယ်။ Mate 20 ကတော့ မျက်နှာပြင် ၆.၅၃ လက်မကိုမှ LCD display နဲ့လာပြီး ရှေ့ကင်မရာတစ်နေရာတည်း ကွက်ချန်ထားတဲ့ Dewdrop စတိုင် notch နဲ့ထွက်ထားတာပါ။ in-display fingerprint scanner သုံးနိုင်တဲ့ Pro မော်ဒယ်မှာ မျက်နှာပြင် ၆.၃၉ လက်မ AMOLED display ပါပြီး 3D Face Unlock စနစ် သုံးနိုင်အောင်လို့sensor များ ထားနိုင်တဲ့ notch အကြီးနဲ့လာပါတယ်။
ဒီဖုန်းနှစ်လုံးမှာ Hauwei Mate 20 Pro 15W ကြိုးမဲ့အားသွင်းစနစ်နဲ့အားသွင်းနိုင်ပြီး display တွေနဲ့ကိုယ်ထည်ဟာ လေးဘက်ချ curved ဘောင်ကွေးဒီဇိုင်းနဲ့ဖွဲ့စည်းထားတာပါ။ အရင် Mate series တွေနဲ့ကွာသွားတဲ့အချက်က ဒီဖုန်းတွေဟာ ရေစိုခံနှုန်းပိုမြင့်လာတာဖြစ်ပါတယ်။ Huawei Mate 20 မှာ IP67 rating ပဲ ခံနိုင်ရည် ရှိပေမယ့် Pro ဗားရှင်းမှာတော့ လက်ရှိအမြင့်ဆုံး rating ဖြစ်တဲ့ IP68 rating အထိ ရထားပါတယ်။
(၂) လက်ဖျားခါလောက်တဲ့ performance
Photo: Huawei
Mate 20 Series သစ်ဟာ Huawei ရဲ့ ပထမဆုံး 7nm process နဲ့ထုတ်ထားတဲ့ အကျစ်လစ်ဆုံး processor သစ်နဲ့ထွက်လာတာပါ။ ဒီဖုန်းတွေမှာ သုံးထားတဲ့ Kirin 980 processor ဟာ octa-core processor မျိုး ဖြစ်ပြီး ပေါ့ပေါ့ပါးပါး လုပ်ဆောင်ချက်တွေအတွက် cores ၄ ခု ၊ ပိုပြီး အလုပ်လုပ်ရတာတွေအတွက် core ၂ ခုနဲ့ဂိမ်းလိုမျိုး အကြီးစား လုပ်ဆောင်ချက်တွေအတွက် core ၂ ခု သုံးထားတာပါ။
Huawei ကတော့ ဒီ processor ဟာ အရင် Kirin 970 processor ထက် ၂၀% ပိုမြန်ပြီး ထိရောက်မှုပိုင်းမှာ ၄၀% သာမယ်လို့ဆိုပါတယ်။ နောက်တစ်ခုက ဒီ processor ဟာ AI စနစ်ကို အကြီးအကျယ် အသားပေးထားတာပါ။ NPU လို့ခေါ်တဲ့ neural processing units ၂ ခုပါဝင်တာကြောင့် AI processor လို့နာမည်ကြီးခဲ့တဲ့ Kirin 970 ထက်တောင် ၁၃၄% ပိုသွက်ပြီး စွမ်းအင်ထိရောက်မှုပိုင်းမှာ ၈၈% ပိုသာမယ်လို့ဆိုပါတယ်။
RAM/storage ဗားရှင်းအနေနဲ့ပြည်တွင်းမှာ 6GB/128GB အတွဲနဲ့ထွက်ထားပါတယ်။
(၃) သုံးလုံးတွဲ ကင်မရာအဆန်း
Photo: wired
Huawei ကတော့ တစ်နှစ်ထက်တစ်နှစ် ကင်မရာမှာ ပြိုင်ဘက်ကင်းတဲ့ ဖုန်းတွေကို ပိုထုတ်လာပြီလို့ဆိုရမှာပါ။ အစောပိုင်းက Huawei P20 Pro နဲ့ကမ္ဘာ့ပထမဆုံး triple lens ပါ စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပြီးနောက် အခု စီးရီးမှာ ကင်မရာဖွဲ့စည်းပုံ ပြောင်းပြီး triple lens နဲ့ပဲ ဆက်ထုတ်ပါတယ်။
Huawei Mate 20 pro ကတော့ P20 Pro အတိုင်း 40MP ၊ 20MP နဲ့3x telephoto ဆွဲရိုက်နိုင်တဲ့ 8MP ကင်မရာသုံးလုံးတွဲကို သုံးတယ်ဆိုပေမယ့် ထူးခြားတာက monochrome lens အစား ultra-wide 20MP နဲ့လဲသုံးသွားတာပါ။ ရိုးရိုးမော်ဒယ် Huawei Mate 20 မှာတော့ 12MP ၊ 16MP နဲ့8MP ကင်မရာသုံးလုံးကို သုံးထားပြီး ရှေ့ကင်မရာကတော့ Mate 20 Pro လိုပဲ 24MP နဲ့လာတာ ဖြစ်ပါတယ်။
ဒီဖုန်းတွေဟာ AI ပုံရိပ်ငြိမ်စနစ် (AIS) တွေ ပါဝင်သလို အလင်းအားနည်းချိန်များမှာ AI နည်းပညာအကူအညီနဲ့အကောင်းဆုံး ဓါတ်ပုံတွေ ရိုက်ကူးနိုင်စေမှာပါ။ Pro ဗားရှင်းမှာဆို 3D မျက်နှာပြင်ဖတ်စနစ် ၊ 3D ပုံဖော်စနစ်များနဲ့3D Live Emoji များ သုံးနိုင်ပြီး အရင် Mate 10 Pro ထက် ၃၀% ပိုမြန်တဲ့ Face Unlock စနစ် ပါဝင်ပါတယ်။
မကြာသေးခင်ကပဲ Huawei P20 Pro ဟာ EISA ရဲ့ တစ်နှစ်တာအကောင်းဆုံး စမတ်ဖုန်းဆု ရထားတာကြောင့် Mate 20 တွေရဲ့ Leica နည်းပညာသုံး triple lens ကလည်း စမတ်ဖုန်းတွေထဲမှာ အဆန်းဆုံး လုပ်ဆောင်ချက်တွေ ပံ့ပိုးနိုင်မှာကတော့ မလွဲပါဘူး။
(၄) ပိုကြီးတဲ့ ဘက်ထရီ ပိုကောင်းတဲ့ နည်းပညာ
Photo: PCWorld
ဘက်ထရီအနေနဲ့Huawei Mate 20 မှာ 4000 mAh ဘက်ထရီသုံးထားပြီး superCharge အားအမြန်သွင်းနည်းပညာပါဝင်လာပါတယ်။ Pro မော်ဒယ်ရဲ့ ထူးခြားမှုက 40W output ထွက်တဲ့ SuperCharge စနစ်သုံးထားလို့လုံးဝဘက်ထရီဒေါင်းနေချိန်ကနေ ၇၀% အားဝင်ဖို့မိနစ် ၃၀ ပဲ ကြာမှာ ဖြစ်ပါတယ်။
နောက်ထပ် စိတ်ဝင်စားစရာ နည်းပညာတစ်ခုက Huawei Mate 20 pro ဟာ ရိုးရိုး 15W wireless charging အားသွင်းစနစ်အပြင် တစ်ခြား wireless charging ရတဲ့ ဖုန်းတွေကို ပြန်ပြီး အားလွဲှပေးနိုင်တဲ့ Reverse Wireless Charging နည်းပညာ ပါဝင်တာ ဖြစ်ပါတယ်။
(၅) နောက်ဆုံးပေါ် ဆော့ဖ်ဝဲလ်
Photo: gizmochina
Android 9 Pie ကို သုံးလာတဲ့ Huawei Mate 20 နဲ့Mate 20 Pro ဟာ EMUI 9 ထည့်ထားတဲ့ Android 9 Pie စနစ်ကြောင့် app တွေ ဖွင့်တဲ့အခါ အရင်ကထက် ၄၇% ပိုသွက်လာပြီး app တွေ သုံးရတာ ပိုပြီး အေးဆေးချောမွေ့နေမှာပါ။
(၆) ဈေးနှုန်းနဲ့အထူးအစီအစဉ်များ
Photo: Huawei
Huawei Mate 20 နဲ့Mate 20 Pro တို့ကို မြန်မာပြည်ဈေးကွက်မှာ နိုဝင်ဘာ ၁ ရက်ကနေ ၉ ရက်နေ့အထိ pre-order မှာနိုင်မှာ ဖြစ်ပြီး နိုဝင်ဘာ ၁၀ ရက်နေ့Junction City မှာ ပထမဆုံးအကြိမ် ရောင်းချသွားမယ်လို့ကြေငြာထားပါတယ်။
Pre-order အထူးအစီအစဉ်အဖြစ် Huawei Mate 20 အော်ဒါမှာယူသူများကို Huawei Talkband B5 ၊ Huawei NM Card 128GB တစ်ခုနဲ့Telenor Wifi Broadband တစ်ခု လက်ဆောင်ပေးသွားမှာ ဖြစ်ပြီး Pro ဗားရှင်းအော်ဒါမှာသူများကိုတော့ ဒါတွေအပြင် Huawei ရဲ့ Wireless Charger တစ်ခုပါ ထပ်ဆောင်းပေးအပ်သွားမယ်လို့ဆိုပါတယ်။
ဈေးကွက်ထဲ ဖြန့်ချိရောင်းချသွားချိန်မှာတော့ gifts အနေနဲ့Telenor WiFi Broadband ကလွဲပြီး ကျန်လက်ဆောင်များလည်း ရရှိမှာ ဖြစ်ပါတယ်။
ပြည်တွင်းဈေးကွက်မှာ Huawei Mate 20 ကို Midnight Blue ၊ Twilight ကာလာများ ၊ Mate 20 Pro ကို ကျောက်စိမ်းကာလာနဲ့အနက် ကာလာများနဲ့ဖြန့်ချိသွားမှာ ဖြစ်ပြီး ဈေးနှုန်းအနေနဲ့Huawei Mate 20 တစ်လုံးကို မြန်မာငွေ ၁၀ သိန်း ၉ သောင်း ၉ ထောင် နဲ့Mate 20 Pro ကို မြန်မာငွေ ၁၄ သိန်း ၉ သောင်း ၉ ထောင်ဈေးနဲ့ရောင်းချသွားမယ်လို့သိရပါတယ်။
Share