အခမဲ့ ကြည့်ရှုနိုင်ပါတယ်။

မြန်မာနိုင်ငံ အပါအဝင် အာရှနဲ့ ဥရောပ နိုင်ငံတွေက အတီးအမှုတ်ပညာရှင်တွေ ပါဝင်တဲ့ နိုင်ငံတကာရိုတ်ခတ်တူရိယာစုံဖျော်ဖြေပွဲ Gongs & Skins ကို ရန်ကုန်မြို့နဲ့ ဘားအံမြို့တို့မှာ ကျင်းပမှာဖြစ်ပြီး အခမဲ့ ကြည့်ရှုခံစားနိုင်မယ်လို့ နိုဝင်ဘာ ၅ ရက်က ရန်ကုန်မြို့ YMCA ခန်းမမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။



 

 

အဆိုပါ တူရိယာစုံ ဖျော်ဖြေပွဲမှာ ဗမာ (ဆိုင်းဝိုင်း)၊ ကရင်၊ ရခိုင်နဲ့ ရှမ်းစတဲ့ တိုင်းရင်းသား ရိုက်ခတ်တူရိယာ အတီးဂီတပညာရှင်တွေ အပြင် ကနေဒါ၊ တရုတ်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ မလေးရှားနဲ့ ပိုလန်နိုင်ငံတို့မှ ရိုက်ခတ်တူရိယာ အတီးဂီတ ပညာရှင်တွေ ပူးပေါင်း ဖျော်ဖြေတင်ဆက်မှာဖြစ်တယ်လို့သိရပါတယ်။

 

Gongs & Skins တူရိယာစုံဖျော်ဖြေပွဲကို  Goethe – Institutနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့နှင့် ပူးပေါင်းကာ စီစဉ်ကျင်းပတာဖြစ်ပြီးတော့ နိုဝင်ဘာ ၆ ရက် ည ၇ နာရီ မှာ ရန်ကုန်မြို့ ရေခဲဆိုင်မှတ်တိုင်နားက Gothe Villa၊ နိုဝင်ဘာ ၈ ရက် ညနေ ၆ နာရီခွဲမှာ မဟာဗန္ဒုလပန်းခြံနဲ့ နိုဝင်ဘာ ၁၂ ရက် ည ၇ နာရီမှာ ဘားအံမြို့မှာ ကျင်းပသွားတော့မှာဖြစ်တယ်လို့လည်းသိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Kristian Schmidt က “ဥရောပနဲ့ ကမ္ဘာအနှံ့မှာရှိတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေနဲ့အတူ ၂၀၁၈ မှာ European Year of Cultural Heritage (ဥရောပ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာနှစ်) ကို ကျင်းပကြပါတယ်။ ဒီ Gongs & Skins ဖျော်ဖြေပွဲက မြန်မာနိုင်ငံမှာ ပြုလုပ်တဲ့ ကျွန်တော်တို့ရဲ့ အစီအစဉ်တွေထဲက အဓိက အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့အားလုံးကို ပေါင်းစည်းပေးနိုင်စွမ်းတဲ့ မတူကွဲပြားမှု၊ ရိုးရာအစဉ်အလာနဲ့ ယဉ်ကျေးမှုတို့ရဲ့ ပွဲတော်ကြီးတစ်ခုပဲဖြစ်ပါတယ်။” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဂျာမန်လူမျိုး ရိုက်ခတ်တူရိယာ အတီးကျွမ်းကျင်ပညာရှင် ပါမောက္ခ Bernhard Wulffက  ဂီတဖျော်ဖြေပွဲမှာ ဖျော်ဖြေမယ့် သီချင်းသံစဉ်တွေကို ဖန်တီးပြီး နိုင်ငံတကာက ဂီတပညာရှင်တွေကို ဦးဆောင်ညွန်ကြားပေးသွားမှာပါ။

မြန်မာနိုင်ငံ ဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး John Nielsen က “Gongs & Skins ဂီတဖျော်ဖြေပွဲကို အခုလို ကူညီ ပံ့ပိုးပေးဖို့ အရမ်းကို စိတ်အားထက်သန်ပါတယ်။ ဒီနိုင်ငံတကာပွဲတော်က မြန်မာနိုင်ငံ၊ အာရှနဲ့ ဥရောပ နိုင်ငံတစ်ဝှမ်းက စည်းချက်တူရိယာကျွမ်းကျင်ပညာရှင်တွေကြားမှာ ဂီတရေစီးကြောင်းစီးဆင်းနိုင်မယ့် အခွင့်အလှမ်းတွေကို ဖန်တီးပေးတဲ့ ပွဲတော်ကြီးတစ်ခုဖြစ်တဲ့အပြင် ရန်ကုန်မြို့နဲ့ ဘားအံမြို့က ပရိတ်သတ်တွေ ကြိုက်နှစ်သက်ကြမယ့် ပွဲတော်ကြီးတစ်ခုဖြစ်မယ်လို့ မျှော်လင့်မိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က