ငါမုန်းတဲ့အက္ခရာ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ရမှာပါ။

"ငါမုန်းတဲ့အက္ခရာ" ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရမယ့် ခင်ဝင့်ဝါအနေနဲ့ ပေးလာတဲ့ ကာရိုက်တာအတွက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

 

ဒါရိုက်တာ  ညွှန့်မြန်မာညီညီအောင် ရိုက်ကူးမယ့် "ငါမုန်းတဲ့အက္ခရာ" ရုပ်ရှင်ဇာတ်ကားကြီးမှာ မင်းသမီး အပြောင်းအလဲ ဖြစ်သွားခဲ့ပါတယ်။ အဓိဇာတ်ဆောင်မင်းသမီးနေရာဖြစ်တဲ့ ရွှေမှုံရတီနေရာမှာ သရုပ်ဆောင် ခင်ဝင့်ဝါကို အစားထိုး ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

ယင်းဇာတ်ကားမှာ ပါဝင်ရမယ့် ခင်ဝင့်ဝါအနေနဲ့လည်း ပေးလာတဲ့ ကာရိုက်တာအတွက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

 

"ဒီဇာတ်ကားအတွက်ကတော့ စိန်ခေါ်မှုဆိုတာထက် ကိုယ့်အနေနဲ့ ဒီကာရိုက်တာကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီး သရုပ်ဆောင်သွား မှာပါ။ လူတိုင်းကတော့ ဘယ် Perfect ဖြစ်မလဲနော်။ အမှားနည်းအောင် ကြိုးစားပြီး ပြင်ဆင်ထားပါတယ်" လို့ နိုဝင်ဘာ(၅) ရက်နေ့က ပြုလုပ်ခဲ့တဲ့ Honor 8X ဖုန်းအသစ်မိတ်ဆက်ပွဲမှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့ပါတယ်။

Photo : မကလျာFB

 

ရွှေမှုံရတီနေရာမှာ ခင်ဝင့်ဝါကို အစားထိုး ရိုက်ကူးခြင်းနဲ့ ပတ်သက်ပြီး ဒါရိုက်တာညွှန့်မြန်မာညီညီအောင်သို့ Duwun Media က ယခုလို ဆက်သွယ်မေးမြန်းခဲ့ပါသေးတယ်။

"ဆရာအဲ့သတင်းနဲ့ ပတ်သက်ပြီး အခုလောလောဆယ်မှာ မပြောပြချင်သေးဘူး။ ဒါပေမယ့် ရွှေမှုံနေရာမှာ ခင်ဝင့်ဝါနဲ့ရိုက်မယ်ဆိုတဲ့ သတင်းကအမှန်ပါ။ နေပြည်တော်မှာပဲ ရိုက်မှာပါ။ ရိုက်ရက်ကတော့ မသတ်မှတ်ရသေးပါဘူး" ဆိုုပြီး ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က ဖြေဆိုခဲ့ပါတယ်။

Photo : မကလျာFB

အဓိကဇာတ်ဆောင်မင်းသမီး အပြောင်းအလဲဖြစ်သွားတဲ့ "ငါမုန်းတဲ့အက္ခရာ" ရုပ်ရှင် 

"ငါမုန်းတဲ့အက္ခရာ"ဇာတ်ကားရိုက်ကူးဖို့ မပြီးပြတ်သေးခင်မှာ ရွှေမှုံရတီက ယခုလို မင်္ဂလာပွဲ ပြုလုပ်လိုက်တဲ့အတွက် ဇာတ်ကားရိုက်ကူးမှုတွေ နှောင့်နှေးခဲ့ပြီး အခက်အခဲတွေ ဖြစ်ခဲ့ရတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

"ငါမုန်းတဲ့အက္ခရာ" ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲကို အောက်တိုဘာ(၂၃) ရက်နေ့က ကန်တော့ကြီး Royal Garden Hotel မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ယင်းဇာတ်ကားကို ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က ရိုက်ကူးမှာ ဖြစ်ပြီး အောင်ရဲလင်း၊  တိုင်ရွန်၊ စိုးမြတ်သူဇာနဲ့ ခင်ဝင့်ဝါတို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပြီး နေပြည်တော်မှာ ရိုက်ကူးဖို့ ပြင်ဆင်ထားတာပါ။

ခင်ဝင့်ဝါဟာ သရုပ်ဆောင် တစ်ယောက်ဖြစ်သလို အလှမယ် တစ်ယောက်လည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံကိုယ်စားပြု Miss Supranational Myanmar တစ်ယောက်ဖြစ်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ အလှမယ် တစ်ယောက်လည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က