ဂျပန်နိုင်ငံမှာ ကလေးငယ်နဲ့ဆယ်ကျော်သက်များ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုဟာ ဆယ်စုနှစ် သုံးခုကျော်အတွင်း အမြင့်ဆုံးဖြစ်လာခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနက ပြောပါတယ်။
Photo: Getty Images
၂၀၁၆-၁၇ ဘဏ္ဍာနှစ် မတ်လအထိ စာရင်းတွေအရ မူလတန်းမှ အထက်တန်းအရွယ် ကလေးငယ်နဲ့ ဆယ်ကျော်သက် ၂၅၀ ဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ကြတယ်လို့ ဆိုပါတယ်။
အဆိုပါ သေကြောင်းကြံစည်မှု အရေအတွက်ဟာ လွန်ခဲ့တဲ့နှစ်ကထက် ငါးဆအထိ ပိုများလာခဲ့ပြီး ၁၉၈၆ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်လာခဲ့ကြောင်း သိရပါတယ်။
ကလေးငယ်နဲ့ဆယ်ကျော်သက်တွေ စိတ်သောကရောက်ရမှုတွေအနက် မိသားစုပြဿနာများ၊ ၎င်းတို့ရဲ့အနာဂတ်နဲ့ အနိုင်ကျင့် စော်ကားတိုက်ခိုက်ခံရမှုတွေနဲ့ ဆက်နွယ်နေပါတယ်။
သို့သော် စာသင်ကျောင်းတွေကတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ကြတဲ့ ကျောင်းသူကျောင်းသား ၁၄၀ က အမှာစကား ရေးထားခဲ့ခြင်း မရှိတာကြောင့် မည်သည့်အကြောင်းကြောင့် သေကြောင်းကြံစည်ခဲ့မှုကို မသိနိုင်ဘူးလို့ ပြောပါတယ်။
Graph: The Cabinet Office 2015/BBC
ကိုယ့်ကိုယ်ကိုယ် သတ်သေသူအများစုဟာ အထက်တန်းအရွယ်တွေ ဖြစ်ကြပါတယ်။ ဂျပန်မှာ အသက် ၁၈ နှစ်အရွယ်အထိ အထက်တန်းပညာသင်ကြားကြရတယ်လို့လည်း သိရပါတယ်။
ဂျပန်အစိုးရအဖွဲ့ရုံးက ၂၀၁၅ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့တဲ့ ၁၉၇၂-၂၀၁၃ ကလေးငယ်များသတ်သေမှု အချက်အလက်တွေအရ စာသင်နှစ်တစ်နှစ်ရဲ့ ဒုတိယကာလအစဖြစ်တဲ့ စက်တင်ဘာ ၁ ရက်မှာ ကျောင်းသူကျောင်းသားတွေ သတ်သေမှု အများဆုံးဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။
ဂျပန်နိုင်ငံဟာ ၂၀၁၅ ခုနှစ်အတွင်း ကိုယ့်ကိုယ်ကိုယ်သတ်သေမှုနှုန်း အမြင့်ဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် စာရင်းဝင်ခဲ့ပါတယ်။ သို့သော် ထိုနှစ်နောက်ပိုင်းမှာ ကြိုတင်တားဆီးမှု အစီအစဉ်တွေ ဆောင်ရွက်ခဲ့ရာ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုနှုန်း လျော့ကျသွားခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization) က ပြောပါတယ်။
Photo: THINKSTOCK
ဂျပန်နိုင်ငံတစ်ဝှမ်း ၂၀၁၇ ခုနှစ်မှာ ကိုယ့်ကိုယ်ကိုယ်သတ်သေမှု ၂၁,၀၀၀ သို့ လျော့ကျသွားခဲ့ကြောင်းနဲ့ ၂၀၀၃ ခုနှစ်မှာ ၃၄,၅၀၀ အထိ ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းတွေက ဖော်ပြပါတယ်။ သို့သော်လည်း ကလေးငယ်နဲ့ဆယ်ကျော်သက်အရွယ်တွေ သတ်သေမှုနှုန်းကတော့ ဂျပန်မှာ မြင့်တက်နေဆဲ ဖြစ်ပါတယ်။
"ကျောင်းသူကျောင်းသားတွေ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုက မြင့်တက်နေဆဲပဲ၊ ဒါက ကိုင်တွယ်ဆောင်ရွက်ရမယ့် ကိစ္စတစ်ခုဖြစ်နေပါတယ်" လို့ ဂျပန်ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ နိုရီယာကီ ကီတာဇာကီက ပြောကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။