အနာဂါတ်မှာ မောင်းသူမဲ့ကားတွေလို ခေတ်စားလာမှာက ရောင်းသူမဲ့စတိုးတွေ ဖြစ်ဖို့ရှိပါတယ်။
Photo: WRAL TechWire
ကမ္ဘာကျော် Amazon ကလည်း app ကနေ ချက်ချင်း ဝင်ဝယ်ပြီး အလွယ်လေး ပြန်ထွက်နိုင်တဲ့ Amazon Go ဆိုတဲ့ နည်းပညာမြင့် ရောင်းသူမဲ့ စတိုးတွေ စဖွင့်လာသလို Walmart ပိုင် Sams's Club ကလည်း Sams's Club Now ဆိုတဲ့ ရောင်းသူမဲ့စတိုးကို မကြာသေးခင်က တက္ကဆက်မှာ ဖွင့်လှစ်ခဲ့ပါတယ်။
အမေရိကန်မှာလိုပဲ တရုတ်နိုင်ငံက ကမ္ဘာ့အကြီးဆုံး e-Commerce လုပ်ငန်းကြီးတွေ ဖြစ်တဲ့ Alibaba နဲ့JDတို့ကလည်း Futuremart နဲ့JD.ID X-Mart ဆိုပြီး လူမဲ့ ဈေးရောင်းတဲ့ နည်းပညာသုံး စတိုးတွေကို ဖွင့်လှစ်လာပြီ ဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေရဲ့ နောက်ကနေ အနာဂါတ်ဈေးဝယ် အတွေ့အကြုံဖြစ်တဲ့ ရောင်းသူမဲ့ စတိုး နည်းပညာလောကထဲ ရောက်လာတာကတော့ Lenovo ပါ။
Lenovo ကတော့ Lecoo ဆိုတဲ့နာမည်နဲ့အရောင်းဝန်ထမ်းမသုံးတဲ့ စတိုးကို ဖွင့်လှစ်လာတာ ဖြစ်ပြီး ဈေးဝယ်မယ့်သူဟာ ကင်မရာပါတဲ့ တက်ဘလက်တစ်ခုရှေ့မှာ လက်ဝှေ့ယမ်းတာနဲ့ဈေးဝယ်သူရဲ့ အကောင့် profile ကို မျက်နှာပြင်ဖတ်နည်းပညာနဲ့သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ Amazon Go ရောင်းသူမဲ့ နည်းပညာလိုပဲ လိုချင်တဲ့ ပစ္စည်းယူပြီး ထွက်သွားနိုင်မှာပါ။
ရောင်းသူမဲ့ နည်းပညာတွေရဲ့ ထုံးစံအတိုင်း ပစ္စည်းဝယ်ပြီးတာနဲ့အကောင့်ထဲကနေ ကျသင့်တဲ့ငွေကို ချက်ချင်း ဖြတ်သွားမှာ ဖြစ်ပြီး မျက်နှာပြင်ဖတ်နည်းပညာများ သုံးသွားမှာ ဖြစ်ပါတယ်။ Lenovo ဟာ ကွန်ပျူတာပစ္စည်းအစိတ်အပိုင်းတွေ အဓိက ထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ပေမယ့် Lecoo စတိုးမှာတော့ အစားအသောက်ကို အဓိကထား ရောင်းချသွားမယ်လို့ဆိုပါတယ်။
တရုတ်နိုင်ငံဟာ WeChat နဲ့Alipay ငွေချေ app များကို သုံးပြီး မိုဘိုင်းငွေပေးငွေချေမှု လုပ်ကြတာ ဖြစ်လို့ရောင်းသူမဲ့စတိုးတွေ ခေတ်စားလာတာနဲ့ဒီ mobile payment တွေရဲ့ လူသုံးများမှုဟာ ပိုပြီး တွင်ကျယ်လာဖို့ရှိပါတယ်။ ငွေချေစနစ်နဲ့အတူ ရောင်းသူမဲ့စတိုးတွေမှာ ဝယ်သူကို စောင့်ကြည့်မှတ်သားမယ့် မျက်နှာပြင်ဖတ်စနစ်များ AI နည်းပညာများပါ ထွန်းကားလာမှာပါ။
Photo: Lenovo Newsroom
Lenovo ကတော့ Lecoo စတိုးကို မြေစမ်းခရမ်းပျိုး စမ်းသပ်မှုအနေနဲ့တစ်ဆိုင်ပဲ စမ်းဖွင့်ကြည့်တာ ဖြစ်ပြီး မကြာခင်မှာ အိမ်ထဲကနေ လှမ်းပြီး တိုက်ရိုက်ဈေးဝယ်နိုင်တဲ့ features တွေပါ ထည့်သွင်းလာဖို့ရှိပါတယ်။