အရင်အစိုးရလက်ထက်ကဆက်သွယ်ရေးဥပဒေနဲ့တရားစွဲခံရမှု ၁၁ မှုသာရှိခဲ့

ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲဆိုခံရမှုဟာ  လက်ရှိအချိန်အထိ ၁၆၄ မှုအထိရှိလာခဲ့ပြီလို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုဆောင်ရွက်နေတဲ့ အသံအဖွဲ့က  နိုဝင်ဘာ ၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

 

တရားစွဲဆိုခံရမှု ၁၆၄ မှုဟာ ဆက်သွယ်ရေးဥပဒေစတင်အသုံးပြုတဲ့ ၂၀၁၅ ခုနှစ်အောက်တိုဘာလကနေ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၅ ရက်အထိ တရားရုံးတင်ပြီး ရှိခဲ့တာဖြစ်တယ်လို့ အသံအဖွဲ့ရဲ့ ကောက်ခံထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

“ လက်ရှိဆက်သွယ်ရေးဥပဒေပြင်ဆင်ချက်က တကယ်အသုံးမဝင်ဘူး။ပြင်တာကလွဲနေတယ်။ထပ်ပြီး ပြင်ဖိို့လိုနေသေးတယ်ဆိုတာကို မီးမောင်းထိုးပြချင်တာပါ။ ကျွန်တော်တို့ အစဉ်တစိုက်တောင်းဆိုခဲ့တဲ့ ဆက်သွယ်ရေးဥပဒေမှာပါတဲ့ ပုဒ်မ ၆၆ ဃ နဲ့ ၆၈ က တို့ကို မဖြစ်မနေပယ်ဖျက်ဖို့လိုတဲ့အကြောင်းကို အဓိက ပြောချင်တာပါ။” လို့ အသံအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုဆောင်းခက Duwun မီဒီယာကို ပြောပါတယ်။

 

အခုလို တရားစွဲခံရတဲ့ အကြောင်း ထုတ်ပြန်ချက်တွေကို အစိုးရနဲ့ လွှတ်တော်ကို သိရှိစေဖို့ ရည်ရွယ်တာဖြစ်ပြီး ဆက်သွယ်ရေးဥပဒေပြင်ဆင်ဖို့ အခြားလှုပ်ရှားမှုတွေတော့ မရှိသေးဘူးလို့ ကိုဆောင်းခက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်က ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲခံရတဲ့ အမှု ၁၁ မှုသာရှိခဲ့ပေမယ့် အခုအစိုးရလက်ထက်မှာတော့ ဥပဒေမပြင်ဆင်ရသေးတဲ့အချိန် တရားစွဲဆိုခံရတဲ့အမှု ၉၁ မှု ရှိခဲ့ပြီး ဥပဒေပြင်ဆင်ပြီး တရားစွဲခံရတဲ့ အမှု ၆၂ မှုရှိခဲ့တယ်လို့ အသံအဖွဲ့ ထုတ်ပြန်ချက် အရသိရပါတယ်။

ဥပဒေပြင်ဆင်ပြီးနောက် တရားစွဲဆိုခံရတဲ့ အမှုတွေအနက် အမှု ၂၀ က လွှတ်တော်ကိုယ်စားလှယ်နဲ့ အစိုးရဝန်ထမ်းတွေကို တရားစွဲဆိုထားတဲ့ အမှုတွေ ဖြစ်တယ်လို့ အသံအဖွဲ့က ဆိုပါတယ်။

လက်ရှိတော့သတင်းမီဒီယာသမားတွေကို ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲဆိုမှု ၂၁ မှုရှိနေပြီး တရားရင်ဆိုင်နေရတဲ့ သတင်းသမား ၂၉ ဦးအထိရှိနေတာလည်း ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က