ဂိမ်းစွဲလမ်းမှု လျှော့ချဖို့အတွက် Tencent ထုတ် ဂိမ်းတွေမှာ အသက်အရွယ်အလိုက် ဂိမ်းကစားချိန်ပုံစံသစ်ကို ပြောင်းလဲတော့မှာပါ။
Photo: South China Morning Post
ကမ္ဘာ့အကြီးဆုံး တရုတ်အွန်လိုင်းဂိမ်းကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ Tencent ရဲ့ မူဝါဒသစ်မှာ Tencent ဂိမ်းတွေ ကစားဖို့အတွက် မှတ်ပုံတင်နဲ့register လုပ်ရတော့မယ်လို့ကြေငြာထားပါတယ်။ ဒီအချက်အလက်ကနေမှ Tencent ဟာ တရုတ်ရဲတပ်ဖွဲ့ရဲ့ အချက်အလက် database တွေကြည့်ပြီး ဂိမ်းကစားခွင့်ရမယ့် အချိန်ကို သတ်မှတ်ပေးသွားမှာပါ။
ဂိမ်းကစားချိန် မူအသစ်ကြောင့် အသက် ၁၂ နှစ်အောက် ကလေးငယ်တွေဟာ တစ်နေ့မှာ ၁ နာရီပဲ ကစားခွင့်ရတော့မှာ ဖြစ်ပါတယ်။ အသက် ၁၂ နှစ်နဲ့အထက် ကလေးများကတော့ တစ်နေ့ကို ၂ နာရီအထိ ကစားခွင့် ရှိမယ်လို့ဆိုပါတယ်။ Honor of Kings ကို နာရီပေါင်း ၄၀ ဆက်တိုက် မနားတမ်း ထိုင်ဆော့ရင်း လူငယ်တစ်ယောက် လေဖြတ်သွားခဲ့တာကြောင့် အခုလို electronic lock စနစ်ကို စတင် ကျင့်သုံးခဲ့တာပါ။
ဒီစနစ်ကို Tencent ဟာ ၂၀၁၈ နှစ်ဆန်းပိုင်းက လူပေါင်း သန်း ၂၀၀ ကျော် ဆော့နေကြတဲ့ Honor of Kings ဂိမ်းမှာ စပြီး မိတ်ဆက်ခဲ့ပါတယ်။ ယခုနှစ် နှစ်ကုန်ပိုင်းမှာ Tencent ဂိမ်း ၁၀ မျိုးမှာ အလားတူ ID နဲ့ကစားချိန် လော့ခ်ချမယ့် စနစ်ကို သုံးသွားမှာ ဖြစ်ပြီး ၂၀၁၉ မှာ Tencent ဂိမ်းတိုင်းမှာ အသုံးပြုသွားမယ်လို့ဆိုပါတယ်။
Tencent ဟာ PUBG နဲ့League of Legends တို့လို ဂိမ်းတွေပါ ထုတ်လုပ်နေတဲ့ နာမည်ကြီး ဂိမ်းကုမ္ပဏီဖြစ်ပြီး ဂိမ်းကနေ အကြီးအကျယ် ဝင်ငွေရနေတာပါ။ Tencent ထုတ် Honor of Kings ဆိုရင် ကမ္ဘာ့ဝင်ငွေအမြင့်ဆုံး ဂိမ်းတွေထဲမှာ ပါဝင်ပြီး Tencent ရဲ့ ဝင်ငွေ ၇% ကို ရှာပေးနေတယ်လို့ဆိုပါတယ်။ တစ်ဘက်မှာလည်း Tencent ကို ဖိအားပေးမှုတွေ ရှိပါတယ်။
Photo: Fortune
ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းကပဲ တရုတ်သမ္မတရှီကျင်းဖျင့်ဟာ ကလေးများ ဂိမ်းကစားလွန်ခြင်းကြောင့် အဝေးမှုန်သူဦးရေ များလာတဲ့ ကိစ္စကို ထောက်ပြခဲ့ပြီး အစိုးရအနေနဲ့အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ပြောခဲ့ပါတယ်။ သမ္မတရဲ့ မိန့်ခွန်း ထွက်ပေါ်လာပြီးနောက် ဂိမ်းသစ်များကို တရားဝင် ပိတ်ခံရတာကြောင့် Tencent ဟာ ဝင်ငွေအားဖြင့် ဒေါ်လာ ၁.၅ ဘီလျံအထိ ဆုံးရှုံးခဲ့ရပါတယ်။