ဂျပန်ပို့ပေးမယ်ပြောပြီး လိမ်လည်ခဲ့တာပါ။

ဂျပန်နိုင်ငံ သက်ကြီးရွယ်အိုစောင့်ရှောက်ေရေးလုပ်ငန်းတွေမှာ သွားရောက်အလုပ်လုပ်ရမယ်လို့ ပြောပြီး သင်တန်းသား သင်တန်းသူအယောက် ၅၀ ဆီကနေ စရံငွေ ၁၅ သိန်း စီ ယူထားတဲ့ ဂျပန်သင်တန်းကျောင်းတစ်ခုကို အမှုဖွင့်ထားတယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်( MOEAF) ကနေ သိရပါတယ်။



 

 

အဆိုပါ သင်တန်းကျောင်းမှာ ဗဟန်းမြို့နယ် ယုဇနတာဝါတွင်ဖွင့်လှစ်ထားပြီး ကျောင်းသား ၅၀ ဆီကနေ အင်တာဗျုးအောင်သည်၊ဂျပန်ပို့ပေးမယ်လို့ ပြောကာ စရံငွေတွေ ကောက်ခံထားတာကြောင့် ကျောင်းသားကျောင်းသူအချို့က မယုံကြည်တော့လို့ စရံငွေပြန်တောင်းရာမှာ သင်တန်းကျောင်းကို ဆက်သွယ်လို့မရတော့ဘဲ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။

 

 

"သမီးတို့က ဂျပန်နိုင်ငံကိုသွားချင်လို့ သင်တန်းတွေတက်ပြီး အဲဒီ ဂျပန်သင်တန်းကျောင်းကို ၂၀၁၇ခုနှစ် နိုဝင်ဘာလလောက်က ဆက်သွယ်မိတာပါ။ အဲဒီလမှာပဲ သူတို့သင်တန်းကျောင်းကို ဂျပန်၃ယောက်လောက်ရောက်လာပြီး အင်တာဗျူးလုပ်ပါတယ်။ သမီးတို့အောင်တယ်ဆိုပြီး တယောက်ကို USD 3500စီ ထွက်ရင် အဆင့်လိုက်ပေးရမယ်။ ခုလောလောဆယ် စရံငွေ ၁၅သိန်းကျပ်စီအရင်သွင်းပါဆိုလို့ သွင်းပေးခဲ့ပါတယ်။ သူ့ယောင်္ကျားဦးခင်မောင်ထွန်းကိုယ်တိုင် ပြေစာမှာ လက်မှတ်ထိုးပေးခဲ့တာပါ။ ပိုက်ဆံယူစဉ်မှာ လင်မယား၂ယောက်လုံးရှိပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ သူတို့တွေသင်တန်းကျောင်းကိုမလာတော့ပါဘူး။ ဖုံးဆက်ရင်လည်း မကိုင်တော့ပဲ တခြားလူနဲ့ပဲပြောခိုင်းပါတယ်။ ဘယ်လို အခြေအနေမှ မေးလို့မရတဲ့အဆုံး MOEAFရုံးကို လာရောက်အကူအညီတောင်းခံခဲ့ရတာပါ'' လို့ အဆိုပါ ဂျပန်သင်တန်းကျောင်းမှာ တတ်ရောက်ခဲ့တဲ့ သင်တန်းသူတစ်ဦးက ပြောပါတယ်။

MOEAF က အဆိုပါ ဂျပန်စကားပြောသင်တန်းကျောင်းကို ဆက်သွယ်ခဲ့ပေမယ့် လာရောက် ဖြေရှင်းတာမရှိတဲ့အတွက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကို လွှဲပြောင်းချိတ်ဆက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

"လူကုန်/တား ရဲတပ်ဖွဲ့က ဆက်သွယ်ပေးလို့ ကလေးတွေဆီကငွေယူထားသူကို ဆက်သွယ်လို့ရတယ်၊ ၆.၁၁.၂၀၁၈ နေ့ မနက်၁၀နာရီမှာ ငွေလာပြန်ပေးပါ့မယ်ဆိုလို့ ကလေးတွေနဲ့အတူ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ကို ကျွန်တော်သွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလူတွေမလာပါဘူး။ ဖုံးတွေလဲ ဆက်မရတော့ပါဘူး။ ဒါကြောင့် လူကုန်/တားရဲမှူးနဲ့ညှိနှိုင်းမှုအရ ဗဟန်းမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ဘို့ ကာယကံရှင် အမျိုးသမီးငယ် ၇ဦးကို လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ကလေးတွေအနေနဲ့လည်း နိုင်ငံခြားတကယ်သွားချင်ရင် ပြည်ပအလုပ်အကိုင်ရှာဖွေရေး လိုင်စင်ရအေဂျင်စီတွေကိုပဲ ရှာဖွေအပ်နှံသင့်ပါတယ်''လို့ MOEAF ရဲ့  ဥပဒေရေးရာနှင့်စည်းကမ်းထိမ်းသိမ်းရေးကော်မတီဝင် ဦးချားလ်မျိုးသန့်က ပြောပါတယ်။

ဂျပန်စကားပြောသင်တန်းကျောင်းတွေအနေနဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးလိုင်စင်ရယူထားခြင်းမရှိပဲ ဂျပန်နိုင်ငံကို ပို့ဆောင်ပေးမယ်လို့ ဆိုကာ လူငယ်လူရွယ်တွေထံကနေ ငွေကြေးကောက်ခံခြင်း၊ လူစုဆောင်းခြင်း၊လိမ်လည်ခြင်းများ ပြုလုပ်နေတယ်ဆိုပြီး  MOEAF မှာ လာရောက်တိုင်ကြားမှုတွေ တစ်နေ့ထက်တစ်နေ့ များပြားလာနေတယ်လို့  သိရပါတယ်။

အခုလို ပြည်ပအလုပ်အကိုင်ရှာဖွေရေးလိုင်စင်ရယူထားခြင်းမရှိပဲ လူစုဆောင်းခြင်း၊ငွေကြေးကောက်ခံခြင်း၊ ပို့ဆောင်ခြင်းများ ပြုလုပ်ပါက ပြည်ပ ၂၆ ပုဒ်မနှင့်ဖြစ်စေ၊ လိမ်လည်မှုဖြင့်ဖြစ်စေ အရေးယူနိုင်ပါတယ်။

အကူအညီလိုအပ်ပါက ရန်ကုန်မြို့၊ တိုက်အမှတ်၄၅၆ ကုန်သည်လမ်း(နှင့်ဘိုကလေးဈေးလမ်းဒေါင့်)ရှိ မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် ၊ဖုံး ၀၁၂၅၆၇၂၇၊ ၀၉၄၅၂၆၉၅၈၂၂သို့ ဆက်သွယ်တောင်းခံနိုင်တယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က