နိုဝင်ဘာ ၇ ရက်နေ့ဆန်ဖရန်စစ္စကို ကျင်းပသွားမယ့် Samsung Developer ကွန်ဖရင့်ပွဲ မတိုင်ခင်မှာ စိတ်ဝင်စားစရာ သတင်းတစ်ခု တက်လာပါတယ်။
Photo: 9to5google
အဲဒါကတော့ ပွဲမတိုင်ခင် လူမှုကွန်ရက်ေပေါ်မှာ Samsung logo ကို ခေါက်ထားတဲ့ ဒီဇိုင်းနဲ့ပုံတင်လိုက်တာပါ။ ဒီပုံရဲ့ နောက်ကွယ်မှာ စိတ်ဝင်စားစရာတွေ ရှိပါတယ်။ တစ်ခုက ကုမ္ပဏီရဲ့ မိုဘိုင်းစီးပွားရေးကဏ္ဍကို ကိုင်နေတဲ့ CEO ဒီဂျေကို့ချ်ကနေ ပိုက်ဆံအိတ်တစ်လုံးလို ခေါက်နိုင်တဲ့ ဖုုန်းကို မကြာခင် မိတ်ဆက်မယ်လို့ပြောထားတာကြောင့်ပါ။
တက်ဘလက်တစ်လုံးလို ကျယ်ပြန့်တဲ့ screen ကို အိတ်တစ်လုံးလို ခေါက်ချိုး ကွေးညွှတ်နိုင်မယ့် ဖုန်းအတွက် Samsung ဟာ နှစ်ပေါင်းများစွာ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။ ၂၀၁၃ မှာ ပထမဆုံး foldable phone နမူနာကို ထုတ်ပြနိုင်ခဲ့ပေမယ့် ဈေးကွက်ထဲကိုတော့ အခုချိန်ထိ ရောက်မလာသေးပါဘူး။
နိုဝင်ဘာ ၇ ရက် နဲ့၈ ရက် ၂ ရက်တာ ကျင်းပသွားမယ့် Samsung Developer ကွန်ဖရင့်ပွဲမှာတော့ foldable phone တွေကို တကျော့ပြန် မိတ်ဆက်သွားဖို့ရှိပါတယ်။ သတင်းတွေအရ ဒီဖုန်းဟာ ဖြန့်ထားချိန်မှာ ၇.၂၉ လက်မ ရှိပြီး ခေါက်ထားတဲ့အချိန်မှာ ၄.၅၈ လက်မရှိမယ်လို့ဖော်ပြနေကြပါတယ်။
Galaxy F နာမည်နဲ့ကြေငြာသွားဖို့ရှိတဲ့ ဒိဖုန်းဟာ နောက်နှစ်ထဲရောက်မှ စီးပွားဖြစ် ဖြန့်ချိရောင်းချသွားဖို့ရှိနေပါတယ်။ ကမ္ဘာပေါ်မှာ ပထမဆုံး ဈေးကွက်ထဲ ဖြန့်ခဲ့တဲ့ ခေါက်သိမ်းနိုင် စမတ်ဖုန်းကတော့ FlexPai ဆိုတဲ့ ဖုန်းဖြစ်ပြီး Royole ဆိုတဲ့ startup တစ်ခုကနေ မိတ်ဆက်ခဲ့တာပါ။
Photo: bgr
Royole ထုတ် FlexPai ကို 128GB မော်ဒယ်အတွက် ၁၃၁၈ ဒေါ်လာ (မြန်မာငွေ ၂၁ သိန်းခန့်) ၊ 256GB ဗားရှင်းကို ၁၄၆၉ ဒေါ်လာ (မြန်မာငွေ ၂၃ သိန်းကျော်) ဈေးတွေနဲ့ရောင်းချသွားမှာ ဖြစ်လို့Galaxy F ဟာ ဒေါ်လာ ၂၀၀၀ ကျော်မလားလို့လည်း အသံထွက်နေကြပါတယ်။