မြန်မာနိုင်ငံမှာ ဧရာဝတီလင်းပိုင်က တစ်နှစ်ကို ၃ ကောင်လောက် သေဆုံးနေပါတယ်။

ရှားပါး အရွယ်ကောင်း ဧရာဝတီလင်းပိုင်တစ်ကောင်   မန္တလေးနှင့် ကျောက်မြောင်းကြား ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာ အတွင်း ဧရာဝတီမြစ်ထဲ သေဆုံးနေတယ်လို့ ကမ္ဘာ့သားရိုင်းတိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ WCS က သတင်းထုတ်ပြန်ပါတယ်။

 

လင်းပိုင် သေဆုံးနေတာကို နိုဝင်ဘာ ၆ ရက်က တွေ့ရှိခဲ့ပြီး သေဆုံးခဲ့တဲ့ ဧရာဝတီလင်းပိုင်မှာ အမဖြစ်ပြီး အလျား ၆ ပေ ၁ လက်မနဲ့ လုံးပတ်အရွယ် ၄ ပေရှိကာ အသက်အရွယ်မှာ အရွယ်ကောင်းလို့ ယူဆရကြောင်း WCS က ဆိုပါတယ်။

 

လင်းပိုင်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ငတ်မှော်ဦး ကျေးရွာမှ အင်းသူကြီး တစ်ဦးက တွေ့ရှိပြီး လင်းပိုင်ထိန်းသိမ်းရေးသမားတွေက သွားရောက်ဆယ်ယူခဲ့တယ်လို့ WCS ထုတ်ပြန်ချက်အရသိရပါတယ်။

သေဆုံးရတဲ့ အကြောင်းရင်းမှာ  ငါးဖမ်းပိုက်နဲ့ ငြိပြီး သေဆုံးတာလို့  လင်းပိုင်ထိန်းသိမ်းရေးသမားများက ပြောကြားချက်ကို WCS က ရေးသားထားပါတယ်။ လောလောဆယ်တော့  လင်းပိုင်ကိုသဲထဲမြှုပ်ထားပြီး အရိုးငြမ်းကို ပြန်ယူသွားမယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ဆင်သေကျေးရွာမှာ ရှားပါး ဧရာဝတီလင်းပိုင်တစ်ကောင်သေဆုံးခဲ့ပြီး လင်းပိုင်သေတွေ့ရှိချိန်မှာ ပုတ်ပွနေပြီး အပေါ်အရေခွံတွေ မပါရှိတော့ဘဲ စဉ့်ကူးမြို့နယ်အနီး ဧရာဝတီမြစ်အတွင်းမျောပါနေရာကနေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဧရာဝတီလင်းပိုင်က တစ်နှစ်ကို ၃ ကောင်လောက်သေဆုံးေနေပြီးတော့ လက်ရှိတော့ တစ်နိုင်ငံလုံးမှာ  ဧရာဝတီလင်းပိုင် အကောင် ၇၆ ကောင်ရှိတယ်လို့ WCS ကနေ သိရပါတယ်။

မန္တလေးကျောက်မြောင်းကြားမှာ လင်းပိုင် ၂၆ ကောင်၊ ထီးချိုင်နဲ့ ရွှေကူကြားမှာ ၃၇ ကောင်၊ ဒုတိယမြစ်ကျင်းနဲ့ ဗန်းမော်ကြားမှာ ၁၄ ကောင်ခန့်ရှိတယ်လို့ WCS Myanmar က ကောက်ခံထားတဲ့အချက်အလက်အရ သိရပါတယ်။

လင်းပိုင်တွေများတဲ့ နေရာဖြစ်တဲ့  ထီးချိုင်နဲ့ ရွှေကူကြားမှာ လင်းပိုင်ထိန်းသိမ်းရေးဧရိယအဖြစ် သတ်မှတ်ဖို့ စီစဉ်နေပါတယ်။ ကမ္ဘာပေါ်ရှိ ရေချိုဒေသကျက်စားနေထိုင်တဲ့ လင်းပိုင်တွေအားလုံးကို ဧရာဝတီလင်းပိုင်လို့ ခေါ်ဆိုပြီး ဧရာဝတီလင်းပိုင်တွေကို မြန်မာနိုင်ငံမှာ ဧရာဝတီမြစ်ကြောင်း၊ရခိုင်ကမ်းမြောင်ဒေသ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနဲ့ မြိတ်ကျွန်းစုတို့မှာ တွေ့ရတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Share

Loading Next Article...
က္က