Foldable phones ခေတ်ကတော့ တကယ်ဖြစ်လာပြီလို့ပြောနိုင်ပါတယ်။ ဒီတစ်ပတ်ထဲမှာပဲ display ကို ခေါက်သိမ်းနိုင်တဲ့ ဖုန်းနှစ်မျိုးကို အပြိုင်မိတ်ဆက်သွားခဲ့ပြီး Samsung ကလည်း သူ့ရဲ့ ဝှက်ဖဲတစ်ချပ်ကို လှပ်ပြသွားခဲ့ပါတယ်။
Photo: CNET
နိုဝင်ဘာ ၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ Samsung Developer Conference ပွဲမှာ Samsung ရဲ့ မိုဘိုင်းထုတ်ကုန်ဈေးကွက်ဌာန အကြီးတန်း ဒုဥက္ကဌ ဂျပ်စတင် ဒန်နီဆင်မှ တက်ဘလက်အသွင် ပြောင်းနိုင်တဲ့ ခေါက်သိမ်းနိုင်စမတ်ဖုန်းတစ်မျိုးကို ကြေငြာပြသခဲ့တာပါ။ ဒီဖုန်းဟာ နမူနာ concept ထုတ်ကုန်အနေနဲ့မိတ်ဆက်ခဲ့တာ ဖြစ်ပြီး Infinity Flex Display နဲ့ထုတ်ထားတယ်လို့ဆိုပါတယ်။
"display က အနာဂါတ်စမတ်ဖုန်းတွေအတွက် အခြေခံအုတ်မြစ်ပဲ" လို့ဒန်နီဆန်က ကြေငြာခဲ့ပါတယ်။ "ဖုန်းကို ဖွင့်လိုက်မယ်ဆိုရင် screen အကြီးစားနဲ့တက်ဘလက်လို ဖြစ်သွားမှာပါ။ ပိတ်လိုက်ရင်တော့ ရိုးရိုး ဖုန်းတစ်လုံးလို ဖြစ်ပြီး အိတ်ထဲ ထည့်သွားနိုင်ပါတယ်။"
Samsung ရဲ့ အဆိုအရ Infinity Flex screen တွေဟာ ထပ်တလဲလဲ ခေါက်သိမ်းတာ ပြန်ဖွင့်တာတွေအတွက် ခံနိုင်ရည်ရှိအောင် ထုတ်ထားတာ ဖြစ်တယ်လို့ဆိုပါတယ်။ Samsung ရဲ့ foldable phone မတိုင်ခင် တစ်ပတ်လောက်ကပဲ မိတ်ဆက်သွားခဲ့တဲ့ Royole ရဲ့ Flex Pai ခေါက်ဖုန်းမှာဆို အကြိမ်ပေါင်း ၂ သိန်းကျော်အထိ အဖွင့်အပိတ်လုပ်နိုင်တယ်လို့ကြေငြာထားပါတယ်။
နမူနာမိတ်ဆက်သွားတဲ့ ဒီဖုန်းဟာ ဖွင့်လိုက်ချိန်မှာ မျက်နှာပြင် ၇.၃ လက်မ OLED panel နဲ့ ရိုးရိုး ပိတ်ထားချိန်မှာတော့ မျက်နှာပြင် ၄.၅ လက်မ ပါရှိပြီး သုံးမယ့် RAM/processor များ မသိရသေးပါဘူး။ လာမယ့် ဒီဇင်ဘာလထဲမှာ ဖြန့်ချိသွားမယ့် FlexPai ကိုတော့ အနည်းဆုံး ၈၉၉၉ ယွမ် (မြန်မာငွေ သိန်း ၂၀ ကျော်) ကနေ ၁၂၉၉၉ ယွမ် (မြန်မာငွေ သိန်း ၃၀ ) အထိ ရှိမယ်လို့ဆိုပါတယ်။
Samsung Developer Conference ပွဲမှာ ထူးခြားတဲ့ နောက်ထပ်ကြေငြာချက်တစ်ခုက နောက်ထွက်လာမယ့် Foldable Galaxy ဖုန်းတွေမှာ One UI သစ်ကို သုံးသွားမယ်လို့ဆိုပါတယ်။ ဒီအတွက် Samsung ဟာ Google နဲ့Android Developer တွေနဲ့ပေါင်းပြီး screen ရဲ့ အောက်ခြေ တစ်ဝက်ကနေ ဖုန်းကို လက်တစ်ဖက်တည်းနဲ့အကြိမ်ပေါင်းများစွာ အလွယ်သုံးနိုင်အောင် ထုတ်သွားမှာပါ။
Photo: Engadget
foldable phone ရဲ့ One UI မှာ app သုံးခုကို တစ်ချိန်တည်း ဖွင့်နိုင်ပြီး multitask အစုံလုပ်နိုင်မှာ ဖြစ်လို့ဒီ UI ဟာ ခေါက်ဖုန်းမဟုတ်တဲ့ တစ်ခြား ရိုးရိုး Galaxy ဖုန်းတွေမှာပါ Samsung Experience အစား အသုံးပြုလာဖို့ရှိပါတယ်။