သီရိလင်္ကာနိုင်ငံသမ္မတ မိုင်သရီပါလာက သောကြာနေ့ (နိုဝင်ဘာ ၉ ရက်) မှာ လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီး လာမယ့်နှစ် ဇန်နဝါရီ ၅ ရက်မှာ အထွေထွေရွေးကောက်ပွဲပြုလုပ်မယ်လို့ ကြေညာလိုက်ပါတယ်။ လက်ရှိအခြေအနေအရ သီရိလင်္ကာ နိုင်ငံရေးအကျပ်အတည်း ပိုမိုနက်ရှိုင်းလာနိုင်ကြောင်း Reuters သတင်းက ပြောပါတယ်။
သီရိလင်္ကာသမ္မတ မိုင်သရီပါလာ
သီရိလင်္ကာမှာ သမ္မတမိုင်သရီပါလာက ဝန်ကြီးချုပ်ရာနီလ်ဝစ်ခ်ရီမီဆင်းဂ်ကို ရုတ်တရက် ရာထူးမှထုတ်ပယ်ခဲ့ပြီး တရုတ်ကိုအားပေးထောက်ခံသူ သမ္မတဟောင်း မာဟင်ဒါ ရာဂျာပက်ခ်ဆာကို ၎င်းရဲ့နေရာမှာ အစားထိုးခန့်အပ်လိုက်ပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
ဝန်ကြီးချုပ်သစ် မာဟင်ဒါ (ဝဲ) နှင့် သမ္မတမိုင်သရီပါလာ
လွှတ်တော်အစည်းအဝေးတွေကို နိုဝင်ဘာ ၁၄ ရက်မှာ ပြန်လည်စတင်မယ်လို့ မူလက သဘောတူညီထားခဲ့ပေမဲ့ ယခုအခါမှာတော့ သမ္မတမိုင်သရီပါလာက လွှတ်တော်ကိုဖျက်သိမ်းလိုက်ပါတယ်။
ဝန်ကြီးချုပ်ရာထူးမှ ထုတ်ပယ်ခံရသည့် ရာနီလ် ဝစ်ခ်ရီမီဆင်းဂ်
သီရိလင်္ကာရွေးကောက်ပွဲကော်မရှင်ကတော့ ရွေးကောက်ပွဲကျင်းပရန်အတွက် တရားရုံးချုပ်ရဲ့ သဘောထားအမြင်ကို ခံယူသွားမယ်လို့ပြောကြောင်း ဒေသခံမီဒီယာာ ဖော်ပြပါတယ်။
ဝန်ကြီးချုပ်ရာထူးမှ ထုတ်ပယ်ခံရတဲ့ ဝစ်ခ်ရီမီဆင်းဂ်ရဲ့ပါတီမှ လွှတ်တော်အမတ် ဟာရှာဒီဆေးလ်ဗားက လွှတ်တော်ကိုဖျက်သိမ်းမှုဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်မှုဖြစ်ကြောင်း Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။
ဝန်ကြီးချုပ်ဝစ်ခ်ရီမီဆင်းဂ် ထုတ်ပယ်ခံရပြီးနောက် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့စဉ်
ထိုအခြေအနေများရှိနေသည့်တိုင် သမ္မတမိုင်သရီပါလာ အနေနဲ့ လွှတ်တော်ကို မည်သို့ တရားဝင် ဖျက်သိမ်းနိုင်ကြောင်း ရှင်းလင်းစွာ မသိရသေးပါဘူး။ သမ္မတရဲ့ ဥပဒေဆိုင်ရာ အကြံပေးတွေကတော့ လွှတ်တော်ကိုဖျက်သိမ်းနိုင်ကြောင်း ပြောခဲ့ကြတယ်လို့ သိရပါတယ်။
သီရိလင်္ကာသမ္မတက လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီးနောက် ရဲတပ်ဖွဲ့နဲ့ အစိုးရပုံနှိပ်ထုတ်ဝေရေးဌာနကိုလည်း ၎င်းရဲ့ရုံးအဖွဲ့အောက်သို့ ရွှေ့ပြောင်းထိန်းချုပ်လိုက်ပါတယ်။
သီရိလင်္ကာရဲတပ်ဖွဲ့ဝင်များ
သမ္မတမိုင်သရီပါလာက လွှတ်တော်ကိုဖျက်သိမ်းခြင်းဟာ လာမယ့် သီတင်းပတ်အတွင်း လွှတ်တော်အစည်းအဝေးမှာ ၎င်းကိုထောက်ခံမှုမရဘဲ ရှုံးနိမ့်မှာကို ရှောင်လွှဲလိုခြင်းကြောင့် ဖြစ်တယ်လို့လည်း UNP လွှတ်တော်အမတ် အဂျစ်ပါရီရာက ဆိုပါတယ်။
သမ္မတမိုင်သရီပါလာ အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ နိုဝင်ဘာ ၉ ရက်အထိ သမ္မတရဲ့ ညွန့်ပေါင်းအဖွဲ့ကို လွှတ်တော်အမတ် ၁၀၅ ဦးက ထောက်ခံမှုရရှိထားတယ်လို့ ပြောပါတယ်။
Share