ဝက်စ်ဟမ်းနဲ့ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲပြီးတဲ့နောက် ကင်းပါဝါကွင်းအပြင်ဘက် ကားပါကင်ထဲ ရပာတ်ယာဉ်ပျက်ကျလို့ သေဆုံးခဲ့ရတဲ့ အသင်းပိုင်ရှင် ဗီချိုင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ကွင်းအပြင်ဘက်မှာ ၎င်းရဲ့ရုပ်တုကို ထုလုပ်ထားရှိသွားမယ်လို့ သိရပါတယ်။
လက်စတာအသင်းဟာ သူတို့အများကြီးချစ်ခင်ရတဲ့ အသင်းပိုင်ရှင်ဗီချိုင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ကင်းပါဝါကွင်းအပြင်ဘက်မှာ ရုပ်တုတည်ဆောက်သွားမှာဖြစ်ပါတယ်။ ဒီသတင်းကို နိုဝင်ဘာ ၉ ရက်နေ့မှာ လက်စတာအသင်းက ထုတ်ပြန်ကြေညာခဲ့တာပါ။
အထူးအစီအစဉ်အဖြစ်လက်ဆောင်တွေကိုလည်း စနေနေ့၊ ဘန်လေနဲ့ပွဲလာကြည့်တဲ့ပရိသတ်တွေကို ပေးအပ်သွားမှာဖြစ်ပါတယ်။ ဗီချိုင်းမိသားစုနဲ့ လက်စတာအသင်းတာဝန်ရှိသူတွေအကြား ဗီချိုင်းအတွက် အကောင်းဆုံးနည်းနဲ့ဂုဏ်ပြုဖို့ ဆွေးနွေးခဲ့ပြီးတဲ့နောက် အခုလိုရုပ်တုထားရှိဖို့သတင်း ထွက်ပေါ်လာတာပါ။
ဗီချိုင်းရဲ့ဦးဆောင်မှုအောက်မှာ လက်စတာအသင်းဟာ ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကိုတန်းတက်နိုင်ရုံသာမက ပရီးမီးယားလိဂ်ချန်ပီယံဆုကို အံ့အားသင့်ဖွယ်ဆွတ်ခူးနိုင်ခဲ့သလို ၂၀၁၆-၁၇ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။
လက်စတာအသင်းပိုင်ရှင်ဗီချိုင်းရဲ့သားဖြစ်တဲ့အပြင် အသင်းရဲ့ဒုဥက္ကဋ္ဌအဖြစ်ပါဆောင်ရွက်နေတဲ့ အိုင်ယာဝက်က “ကျွန်တော်တို့အတွက် သူဆောင်ရွက်ခဲ့တာကို ဘယ်လိုမှပြန်ပေးဆပ်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့အမှတ်ရဖွယ်တွေနဲ့ အမွေအနှစ်တွေကို ဂုဏ်ပြုပေးသွားရမှာပါ" လို့ ပြောပါတယ်။
"ကလပ်အသင်းတစ်သင်းအနေနဲ့ ကျွန်တော်တို့ ဆက်လက်တိုးတက်နေပြီး ခေတ်မီလေ့ကျင့်ရေးကွင်း ပိုင်ဆိုင်ထားသလို အိမ်ကွင်းကိုတိုးချဲ့ကာ လက်စတာအသင်းအတွက် သူ့ရဲ့စိတ်ကူးစိတ်သန်းတွေ အမှန်တကယ်ဖြစ်လာဖို့ ကူညီသွားမှာပါ" လို့လည်း ၎င်းကဆိုပါတယ်။
"အရာအားလုံးဖြစ်နိုင်တယ်ဆိုတဲ့ ဗီချိုင်းအတွက် ကင်းပါဝါကွင်းအပြင်ဘက်မှာ ရုပ်တုတည်ဆောက်ဖို့ ကော်မရှင်ဖွဲ့သွားမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့နှလုံးသားမှာ သူအမြဲရှိနေမှာဖြစ်သလို ဘယ်တော့မှလည်း မေ့သွားမှာမဟုတ်ပါဘူး” လို့ အိုင်ယာဝက်က ပြောခဲ့ကြောင်း Daily Mail သတင်းမှာ ဖော်ပြထားပါတယ်။