စပို့တင်းလစ္စဘွန်းနဲ့ဂိုးမရှိသရေကျခဲ့တဲ့ ယူရိုပါလိဂ်အုပ်စုပွဲစဉ်မှာ ရရှိခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူးဝဲလ်ဘတ်ရဲ့ ခြေချင်းဝတ်ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး သူ့အနေနဲ့ကာလရှည်အနားယူရတော့မှာ ဖြစ်ပါတယ်။
Photo : EMPICs Sports
ခြေကျင်းဝတ်ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရတဲ့ တိုက်စစ်မှူးဝဲလ်ဘတ်အနေနဲ့ ကာလရှည်အနားယူရဖွယ်ရှိ တယ်လို့ အာဆင်နယ်နည်းပြအူနိုင်းအမ်မရီက အတည်ပြုပြောကြားလိုက်ပါတယ်။ အစောပိုင်းကတည်းက ဝဲလ်ဘတ်ဟာ ဒဏ်ရာကြောင့် ရာသီကုန်တဲ့အထိအနားယူရဖွယ်ရှိတယ်လို့ သတင်းတွေထွက်ခဲ့ပါသေးတယ်။ ဝဲလ်ဘတ်ရဲ့ခွဲစိတ်ကုသမှုကို အတည်ပြုခဲ့ပြီးနောက် အာဆင်နယ်နည်းပြအူနိုင်းအမ်မရီက “ခြေချင်းဝတ် အရိုးကျိုးသွားခဲ့ပါတယ်။ ဝဲလ်ဘတ်ဟာ ကာလရှည်အနားယူရဖို့ရှိပါတယ်”လို့ ဖွင့်ဟခဲ့ကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့တာဖြစ်ပါတယ်။
Photo : PA
အာဆင်နယ်ဆေးအဖွဲ့ကတော့ တိုက်စစ်မှူးဝဲလ်ဘတ်အနေနနဲ့ ဒဏ်ရာကနေ အပြည့်အဝပြန်ကောင်းလာမယ်လို့ ယုံကြည်နေပါတယ်။ အခုတစ်ပတ်မှာ ဝဲလ်ဘတ်အနားယူရမယ့်ကာလကို အတိအကျသိရမယ်လို့ မျှော်လင့်ရပါတယ်။ အာဆင်နယ်အသင်းဟာ တနင်္ဂနွေနေ့က ဝုဗ်နဲ့ပွဲမှာ နောက်ကနေလိုက်ကစားခဲ့ရပြီး ပွဲပြီးခါနီးမီခီတာယန်းရဲ့သွင်းဂိုးနဲ့ သရေတစ်မှတ်ရရှိခဲ့ပါတယ်။ ဝုဗ်နဲ့ပွဲပြီးတဲ့နောက် အူနိုင်းအမ်မရီက “ကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုကို ကျွန်တော်ကျေနပ်ပါတယ်။ ကျွန်တော်တို့ဆက်ပြီး ပိုကောင်းအောင်ကြိုးစားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ကစားဟန်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့လိုအပ်ပါတယ်”လို့ ဆက်လက်ပြောကြားခဲ့တာပါ။