နိုဝင်ဘာ ၁၁ ရက်နေ့မှာ ကျင်းပတဲ့ Singles's Day နေ့မှာ Alibaba ဟာ ၂၀၁၇ ခုနှစ်က တင်ခဲ့တဲ့ တစ်ရက်တည်းနဲ့ဒေါ်လာ ၂၅.၃ ဘီလျံကျော်ဖိုး ရောင်းနိုင်ခဲ့တဲ့ စံချိန်ကို အသာလေး ချိုးဖျက်နိုင်ခဲ့ပါတယ်။
Photo: Tech Crunch
Alibaba ပလက်ဖောင်းဟာ Singles' Day စပြီး ၁ မိနစ် ၂၅ စက္ကန့်အတွင်းမှာကိုပဲ ဒေါ်လာ ၁ ဘီလျံဖိုး ရောင်းချနိုင်ခဲ့တဲ့ စံချိန်ရခဲ့တာပါ။ ၂၄ နာရီကြာမြင့်တဲ့ ဈေးပွဲတော်အပြီးမှာတော့ စုစုပေါင်း ယွမ် ၂၁၃.၅ ဘီလျံ (ဒေါ်လာ ၃၀.၈ ဘီလျံကျော်) ဖိုး ရောင်းချနိုင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် Alibaba ရဲ့ Singles' Day ပွဲမှာ ယွမ် ၁၆၈.၂ ဘီလျံ ဖိုး ရောင်းချနိုင်ခဲ့တာနဲ့ယှဉ်ရင် ၂၇% နီးပါး ပိုတက်လာတာ ဖြစ်ပါတယ်။
ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ ကျင်းပသွားတဲ့ ပွဲဟာ Alibaba ရဲ့ ၁၀ နှစ်မြောက် Singles' Day နေ့ဖြစ်ပြီး နိုဝင်ဘာ ၁၁ ရက်နေ့မှာ ပြုလုပ်တာ ဖြစ်လို့11.11 ပွဲလို့လည်း လူသိများပါတယ်။ ယခုနှစ် Alibaba Singles' Day မှာ ထူးခြားတဲ့ အချက်တစ်ခုက ၁၅ နာရီ ၄၉ မိနစ်အတွင်းမှာကိုပဲ ၂၀၁၇ စံချိန်ကို ချိုးနိုင်ခဲ့တာ ဖြစ်ပြီး Singles' Day ပွဲများတစ်လျှောက်မှာ အကြီးဆုံးဈေးပွဲတော်အဖြစ် ရပ်တည်နိုင်ခဲ့တာပါ။
တစ်ခုရှိတာက အချက်အလက်များအရ ၂၀၁၈ Singles' Day ဟာ ၂၀၁၇ ခုနှစ်မှာ တင်ခဲ့တဲ့ နှစ်စဉ် ရောင်းအားတက်အညွှန်းထက် ၃၉% ပိုနည်းခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က Singles Day တစ်နေ့အတွင်း Alibaba ရဲ့ ရောင်းအားဟာ ဒေါ်လာ ၁၇.၈ ဘီလျံဖိုး ရှိခဲ့ရာကနေ ၂၀၁၇ မှာ ဒေါ်လာ ၂၅.၃ သန်းကျော်ဖိုး ရောင်းချနိုင်ခဲ့တာနဲ့ယှဉ်ကြည့်နိုင်ပါတယ်။ သို့သော်လည်း ယွမ်ငွေ တန်ဖိုးကျဆင်းခြင်းကိုလည်း ချိန်ထိုး စဉ်းစားရမှာပါ။
Alibaba ဟာ ၂၀၀၉ ခုနှစ်မှာ Singles' Day ဈေးပွဲတော်ထဲ Tmall ပလက်ဖောင်းနဲ့ စတင် ဝင်ရောက်လာခဲ့တာပါ။ ဒီဈေးပွဲတော်ကို ဖန်တီးခဲ့သူကတော့ ဂျက်မားနေရာကို အစားထိုးလာမယ့် CEO သစ် ဒယ်နီယယ်ဂျောင် ဖြစ်ပြီး သူ့လက်ထက်မှာ နိုဝင်ဘာ ၁၁ ရက် နေ့ကို ကုမ္ပဏီရဲ့ အမှတ်တံဆိပ်ဖောက်ဖို့နေ့ကောင်းရက်သာအဖြစ် ပုံပြောင်းပြီး ကမ္ဘာ့အကြီးဆုံး Shopping day အဖြစ် စတင်ခဲ့တာ ဖြစ်ပါတယ်။
Photo: Tech Crunch
၂၀၁၈ Singles'Day မှာတော့ ၁ နာရိကျော်ကျော်နဲ့ဒေါ်လာ ၁၀ ဘီလျံဖိုးရောင်းချနိုင်ခဲ့ပါတယ်။ စုစုပေါင်း ပမာဏအားဖြင့် ဒီနှစ် Singles'Day ရောင်းအားဟာ အမေရိကန်မှာ ကျင်းပဖြစ်တဲ့ Black Friday နဲ့Cyber Monday နှစ်ရက်တာ ရောင်းအားထက် နှစ်ဆကျော် ပိုရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။
Alibaba ဟာ ပါကစ္စတန် ၊ သီရိလကာၤ ၊ မြန်မာ ၊ ဘင်္ဂလားဒေ့ရှ်နဲ့နီပေါတို့မှာ လုပ်ငန်းလည်ပတ်နေတဲ့ Daraz Group ကို ဝယ်ယူပြီးနောက် မြန်မာနိုင်ငံမှာ Shop.com ကနေ ဦးဆောင်ပြီး ပထမဆုံး 11.11 Shopping day ကို ကျင်းပသွားခဲ့ပါတယ်။