မြန်မာနိုင်ငံရှိ ဟိန္ဒူမျိုးနွယ်စုတွေ စုပေါင်းပြီးတော့ ပထမဆုံး ဒီပါဝလီနေ့ကို ရန်ကုန်မြို့ မဟာဗန္ဒုလပန်းခြံမှာ နိုဝင်ဘာ ၁၁ ရက် ညပိုင်းက ပြုလုပ်ခဲ့ပါတယ်။
ဒီပွဲတော်ကို အိန္ဒိယနိုင်ငံသံရုံးအကူအညီနဲ့ ပူးပေါင်းကျင်းပခဲ့ပြီးတော့ ဟိန္ဒူလူမျိုးစုတွေ အများအပြား လာရောက်ခဲ့ကြပြီး ဟိန္ဒူလူမျိုးစုတွေရဲ့ ရိုးရာအက၊ ရိုးရာဝတ်စုံတွေနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။
ဒီပါဝလီပွဲတော်ဆိုတာ ဟိန္ဒူဘာသာဝင်တို့ရဲ့ မီးထွန်းပွဲတော်တစ်ခုဖြစ်ပြီးတော့ အမှောင်ကိုခွင်းပြီး အလင်းကိုဆောင်တဲ့ အဓိပ္ပာယ်နဲ့ ဆီးမီးထွန်းတာတွေပြုလုပ်ကြတာဖြစ်တယ်လို့ ပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ ဟိန္ဒူဘာသာဝင် ဦးအေးသိန်းက ပြောပါတယ်။
“ မြန်မာနိုင်ငံမှာ ဟိန္ဒူမျိုးနွယ်စု ၁၀ စုရှိပါတယ်။အခုလိုမျိုး မျိုးနွယ်စု ၁၀ စုပေါင်းပြီးလုပ်တာက ဒါ ပထမဆုံးပါ။ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာနေတဲ့သူတွေက အလောင်းတော်ရာမ ဒသဂီရိကိုနိုင်ပြီးတော့ မြို့ကို ပြန်ရောက်လာတဲ့ အထိမ်းအမှတ်အဖြစ် ဒေဝါလီပွဲဆင်နွှဲကြတယ်။ တောင်ပိုင်းမှာနေတဲ့သူတွေကတော့ နောက်ထပ် ဒဏ္ဍာရီတစ်ခုရှိတယ်။ ဒဏ္ဍာရီအမျိုးမျိုးရှိကြပေမယ့် ရည်ရွယ်ချက်တွေက တူတူပါပဲ။ အမှောင်ကိုခွင်းပြီး အလင်းကိုဆောင်တဲ့ အဓိပ္မာယ်ပါ” လို့ ဦးအေးသိန်းက ရှင်းပြပါတယ်။
နိုဝင်ဘာ ၇ ရက်က ဒီပါဝလီနေ့ဖြစ်ပြီး နိုင်ငံအများစုမှာ ရုံးပိတ်ရက်နေ့ အဖြစ်သတ်မှတ်ကြပြီး မြန်မာနိုင်ငံမှာလည်း အများပြည်သူရုံးပိတ်ရက်အဖြစ် တရားဝင်သတ်မှတ်ထားတာဖြစ်ပါတယ်။
“ အခုဒီပွဲမှာ ကိုယ့်ရဲ့ အမျိုးတွေ တစ်စုတစ်စည်းတည်း ပြန်တွေ့ရတယ်။ နောက်ပြီးတော့ ရန်ကုန်မြို့လယ်ခေါင်မှာ အခုလို ကျင်းပခွင့်ရတဲ့အတွက် အရမ်းကို ဝမ်းသာပီတိဖြစ်ရပါတယ်” လို့ ပွဲကိုတတ်ရောက်လာတဲ့ ဟိန္ဒူဘာသာဝင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဟိန္ဒူလူမျိုပေါင်း (၁) သန်းခန့်ရှိ ပြီး မျိုးနွယ်စု တမီလ်၊ အန္ဒရ၊ ယူပီးဘီဟာရ်ရီ၊ ရာဂျစ်စ၊ သာနီ၊ ဘင်္ဂါလီ (အနောက်ဘန်ဂေါ) အိုရီယာ၊ ဂူဂျာရာသီ၊ ပန်ချာပီ၊ နေပါလီ၊ ပုဏ္ဍား ဆိုပြီး မျိုးနွယ်စု ၁၀ စု ရှိပါတယ်။